သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စေတီပြင်ရွာသို့ အနီးအနားကျေးရွာ ၅ ခုမှ လူပေါင်း ၂ဝဝဝ ကျော်ခန့် ထွက်ပြေးရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၁၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာသို့အနီးအနားရှိ ကျေးရွာ ၅ ရွာမှ လူပေါင်း ၂ဝဝဝ ကျော်ခန့် ထွက်ပြေးရောက်ရှိလာကြောင်း သတင်းရရှိသည်။

ထွက်ပြေးလာကြသည့် ကျေးရွာများမှာ မေယုမြစ်အနောက်ဘက် ကမ်းခြေတစ်လျှောက်တွင် တည်ရှိသည့် အောက်ကျောင်းတောင်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်းနှင့် ကံပြင်စသည့် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။

ယခင်က စေတီပြင် စစ်ဘေးရှောင်စခန်းတွင် လူပေါင်း ၂ဝဝဝ ကျော်ရှိရာမှ ယခုအသစ်ရောက်ရှိလာသူနှင့် ပေါင်းလျှင် စစ်ဘေးရှောင် ၄ဝဝဝ ကျော်ခန့် ရှိသွားပြီဟု စခန်းတာဝန်ရှိသူများက ပြောဆိုသည်။

“ သူတို့က အောက်တိုဘာ ၁၂ ရက်နေ့ကတည်းက ထွက်ပြေးလာကြတာ။ ဒီကနေ့ပါ ဆိုရင် လူပေါင်း ၂ဝဝဝ ကျော်ရှိပါတယ်။ မနေ့က  ရေတပ်ဇက်ရေယာဉ်တွေက မေယုမြစ်ထဲကနေ အကြီးအကျယ်ပစ်ကတည်းက ထွက်ပြေးလာကြတာပါ။ ဒီကနေ့လည်း မေယုမြစ် အရှေ့ဘက် ကျောက်တန်း၊ ထီးစွဲဘက်မှာ အကြီးအကျယ် ပစ်နေတယ်။ မင်းကျွန်းအနီးက ဇက်နဲ့လည်း ပစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ ကြောက်ပြီး  ထွက်ပြေးလာကြတာ ဖြစ်ပါတယ်” ဟု စခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ အချိန်တွင် ပြင်ပကျေးရွာများမှ စေတီပြင်သို့ ထွက်ပြေးရောက်ရှိလာသူများမှာ ရွာလူဦးရေထက် ကျော်လွန်သွားပြီဖြစ်ကြောင်း အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးမောင်စောဝင်းက ပြောသည်။

“ လက်ခံမယ့်နေရာမရှိတော့ဘူး။ ဘုန်းတော်ကြီးကျောင်းဝင်းမှာလည်း လူပြည့်သွားပြီ။ ရွာထဲမှာလည်း လူတွေ မဆံ့တော့ဘူး။ စုစုပေါင်း စစ်ဘေးရှောင် ၄ဝဝဝ ကျော်သွားပြီ။ ရွာမှာ နေစရာမရှိတော့ဘူး။ အခု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနဲ့ ဦးဦးသန်းနိုင်တို့ ဆောက်နေတဲ့ အဆောင်တွေကလည်း ၁၆ ဆောင်လောက်ဘဲဆောက်လို့ ပြီးသေးတယ်။ နောက်ထပ် ၁၄ ဆောင်ပြီးရင် နည်းနည်းနေဖို့ နေရာ ရှိမယ်။ အခုက ဘယ်လိုမှ လက်ခံမယ့် နေရာ မရှိဖြစ်နေပါတယ်” ဟု ပြောသည်။

စေတီပြင် စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးထွန်းမြင့်သို့ ဆက်သွယ်ရာ လက်ရှိ ထွက်ပြေးလာသူများကို စာရင်း ကောက်ယူနေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

“ အရင် ရှိတာက ၂၈ဝဝ လောက်ရှိပါတယ်။ ဒီလ ၆ ရက်နေ့လောက်ကလည်း အိမ်ထောင်စု ၁၃၇ စု၊ လူဦးရေ ၇၇၉ ဦးထပ်ရောက်ပါတယ်။ အခု တစ်ခါ ရောက်လာတာ ၂ဝဝဝ ကျော်ဆိုရင် လူပေါင်း ၄ဝဝဝ ကျော် အထိ တိုးသွားနိုင်ပါတယ်” ဟု ပြောသည်။

ယခင်စစ်ဘေးရှောင်များအတွင် လူကယ်ပြန်က လှူထားသော ဆန်အိတ် ၅၁၉ အိတ်ရှိပြီး ၎င်းဆန်အိတ်များကိုလည်း အဝေးမှ လာသော စစ်ပြေးရှောင်များအတွက် နှစ်ပတ်စာ၊ အနီးအနားကျေးရွာများမှ ထွက်ပြေးလာသူများကို တစ်ပတ်စာ စသဖြင့် ထုတ်ပေးထားကြောင်း၊ လက်ရှိရောက်လာသူများအတွက် အရေးပေါ် ဆန်ရိက္ခာများ လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ အခု စေတီပြင်ရွာကို နောက်ထပ် ဒုက္ခသည်တွေ ထပ်ရောက်လာတာကို ကြားရတယ်။ စစ်ပြေးရှောင်က တော်တော်များနေတယ်လို့ ရွာက လူတွေ သတင်းပို့တယ်။ သူတို့အတွက် ဘယ်လိုစီစဉ်မလဲ အစည်းအဝေး လုပ်ရမယ်။ လူမှုကယ်ဆယ်ရေး လုပ်နေတဲ့ ကိုမေယုထွန်းတို့နဲ့လည်း တိုင်ပင်ရမယ်။ လောလောဆယ်က ရိက္ခာက အပူတပြင်းလိုမယ်။ ဒီနေ့လည်း ကျောက်တန်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး  အောင်သာစည်မှာ ရွာတစ်ဝက်လောက် မီးလောင်နေတယ်လို့ ကြားရတယ်” ဟု ပြောကြားသည်။   

ဆက်စပ် သတင်းများ