ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်မှ မြို့နယ်အများစုတွင်ရွေးကောက်ပွဲမကျင်းပခြင်းမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိဟု ANP ဥက္ကဋ္ဌတုံ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6k

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုနှင့် နောက်ထပ် မြို့နယ် ၄ ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၁၅၂ ခုတွင် ရွေးကောက်ပွဲ မကျင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကဆုံးဖြတ်ခြင်းမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက တုံ့ပြန်ပြောဆိုလိုက်သည်။

“ မြို့နယ် ၁၇ မြို့နယ်မှာ ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မလုပ်ဘူးဆိုရင်တော့ ကျန်မြို့နယ်တွေလုပ်ပေမယ့် ဒါဟာ  ရခိုင်ပြည်သူကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲလို့ပြောလို့ မရတော့ဘူးလို့မြင်တယ်။ ပီးရင် ဒီရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲလည်း  ဖြစ်လာစရာအကြောင်း မရှိတော့ဘူး။ ရခိုင်ပြည်သူကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ ဖြစ်မလာတော့ဘူး။ ဒါကြောင့် မြို့နယ်အများစုကို ရွေးကောက်ပွဲမလုပ်ဖို့ ဆုံးဖြတ် လိုက်တာဟာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ မြင်တယ်” ဥက္ကဋ္ဌ ဦးသာထွန်းလှ က ပြောသည်။

မြို့နယ် ၉ မြို့နယ်နှင့် ကျေးရွာအုပ်စု အများအပြားတွင် ရွေးကောက်ပွဲ မကျင်းပတော့သဖြင့် ပြည်သူများ၏ အခွင့်အရေးလည်း ဆုံးရှုံးသွားကြောင်း ၎င်းက ပြောဆိုသည်။

“ ရွေးကောက်ပွဲ မလုပ်ရင် ပြည်သူတွေရဲ့အခွင့်အရေး ဆုံးရှုံးသွားတယ်။ ရခိုင်ပြည်နယ်မှာ ဥပဒေကြောင်းအရ ရခိုင်ပြည်သူ တို့ရဲ့ လိုအပ်ချက်တွေ၊ ထိခိုက်နစ်နာချက်တွေကို တရားဥပဒေ ဘောင်အတွင်းက တင်ပြတောင်းဆိုမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့။”

၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁ဝ (စ) အရ ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုနှင့် နောက်ထပ် မြို့နယ် ၄ ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၁၅၂ ခုတွင် ရွေးကောက်ပွဲ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်ကြေညာသည်။

“ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပေဒအရ၊ လုပ်ပိုင်ခွင့်အရ လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီလို မြို့နယ်အများစုကို ချန်ထားပြီးတော့ မြို့နယ် အနည်းစုကို လုပ်မယ်ဆိုပြီး စဉ်းစားတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပြည်သူအများစုကို ကို်ယ်စားပြုတဲ့ ရလဒ်ဖြစ်ဖို့လိုတယ်။ အဲဒါကြောင့် အခုထွက်လာတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲရလဒ်တစ်ခုဖြစ်လာစရာ အကြောင်း မရှိတော့ ဘူးလို့ မြင်တယ်” ဟု ဥက္ကဋ္ဌ က ပြောဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်ကြေညာချက်အရ ရခိုင်ပြည်နယ်မှ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင်သာ ရွေးကောက်ပွဲအပြည့်အဝ ကျင်းပနိုင်မည် ဖြစ်သည်။ ကျန် မြို့နယ် ၉ ခုတွင် လုံးဝ ကျင်းပမည် မဟုတ်သလို မြို့နယ် ၄ ခုတွင် တစ်ဝက် တစ်ပျက်သာ ကျင်းပနိုင်တော့မည် ဖြစ်သည်။

ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၉ ခုမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ တို့ ဖြစ်ကြသည်။
မြို့နယ်တချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁ဝ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု တို့ပါဝင်သည်။

ဆက်စပ် သတင်းများ