စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင် ၉ မြို့နယ်ရွေးကောက်ပွဲမကျင်းနိုင်ခြင်းက အစိုးရ၏ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟု ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.6k

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းနိုင်ခြင်းမှာ အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောကြားသည်။  

“ ရွေးကောက်ပွဲမကျင်းပနိုင်ဆိုတာက အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်မှာ မြို့နယ် ၉ မြို့နယ် မကျင်းပနိုင်ဆိုရင် အစိုးရဟာ ရခိုင်ပြည်မှာ ၉ မြို့နယ်ကို လုံခြုံရေး မပေးနိုင်ဘူးဆိုတာကို ဖော်ပြနေတဲ့ သဘောရောက်တယ်။ အစိုးရဟာ ဒီ ၉ မြို့နယ်ကို လုံခြုံရေး မပေးနိုင်ဘူး။ တစ်နည်းအားဖြင့် ပြောရရင် ဒီ ၉ မြို့နယ်ဟာ အေအေရဲ့လက်ထဲကို ရောက်သွားပြီလို့ ပြောနေတာနဲ့အတူတူပဲဖြစ်တယ်။” 

အစိုးရ အနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုတွင် မကျင်းပနိုင်သော်လည်း ကျင်းပနိုင်သည့် အချိန်တွင် ကျင်းပပေးရန်လိုအပ်မည်ဖြစ်ပြီး မည်သို့ကျင်းပမလဲ ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ ဦးလေးတို့ဟာ ပါတီဖြစ်တဲ့အတွက်ကြောင့် ပါတီရဲ့စည်းရုံးရေးလုပ်ငန်းကို လုပ်နေရမယ်။ ရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတိုင်း ဦးလေးတိုရဲ့ နိုင်ငံရေးက ဒီအတိုင်း ရပ်သွားမှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် ရွေးကောက်ပွဲမရှိရင်လည်း ပြည်သူလူထုတွေရဲ့ အကျိုးကို ကာကွယ်ပြီး ပြည်သူ့ဘက်က ရပ်တည်ပြီး ဦးတို့ပါတီအနေနဲ့ ဆောင်ရွက်သွားမယ်။ အခုလက်ရှိလည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သက်တမ်းစေ့အောင် ပြည်သူ့ဘက်က အပြည့်အဝရပ်တည်ပြီး ဆောင်ရွက်သွားမယ်။ သက်တမ်းကုန်ဆုံးသွားပြီး လွှတ်တော်ကိုယ်စားလှယ်မဟုတ်တော့တဲ့ အချိန် ရောက်ရင်တောင်မှ ပြည်သူတွေကို အကာအကွယ် ရရှိရေးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားပါမယ်” ဟု ပြောဆိုသည်။

ပေါက်တောမြို့နယ်တွင် တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိဘဲ ရွေးကောက်ပွဲမကျင်းပရန်ဆုံးဖြတ်ခြင်း အပေါ် ဦးအောင်သောင်းရွှေက သူ့အမြင်ကို ယခုလို ပြောသည်။

“ ဦးတို့အနေနဲ့က သာမန်လူတွေအနေနဲ့ စစ်မရှိတဲ့ နေရာလို့မြင်တယ်။ ဒါပေမယ့် သူတို့က အချိန်မရွေး အဲဒီနေရာကို စစ်ဖြစ်နိုင်တယ်လို့ သတ်မှတ်ထားပုံရတယ်။ ဘယ်လောက်ပဲ စစ်မဖြစ်ဘူးပြောပြော သူတို့ အဲဒီနေရာကိုလည်း မထိန်းကျောင်းနိုင်လို့လည်း ပြရာရောက်တယ်။ အဲဒါကြောင့် သူတို့ဟာ ဒီနေရာကို လုံခြုံမှု မပေးနိုင်တဲ့အတွက်ကြောင့် စစ်မဖြစ်သည်ဖြစ်စေ၊ စစ်ဖြစ်သည်ဖြစ်စေ လုံခြုံမှုမပေးနိုင်တဲ့အတွက်ကြောင့် မကျင်းပနိုင်တာ ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်” ဟု ပြောသည်။

ဦးအောင်သောင်းရွှေသည် လက်ရှိ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မှ ထပ်မံ ရွေးကောက်ပွဲဝင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် အမည်စာရင်းတင်သွင်းထားသူ ဖြစ်သည်။

ဆက်စပ် သတင်းများ