ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၁၇ / ၂၀၂၀
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ် ၁၉ ရောဂါကြောင့် ညမထွက်၇အချိန်ကို ည ၉ နာရီမှ နံနက် ၄ နာရီ သတ်မှတ်ထားရာမှ အောက်တိုဘာ ၁၆ ရက်နေ့မှ စပြီး ညမထွက်၇ အချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီထိ လျှော့ချ သတ်မှတ်လိုက်သည်ဟု သတင်းရရှိသည်။
၂၀၂၀ စက်တင်ဘာ ၂ ရက်နေ့က သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်မှ ညမထွက်၇အမိန့်ကို နေ့စဉ် ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီထိ ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် ညမထွက်၇ အချိန်ကို ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီထိ လျှော့ချကြောင်း ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်လည်း သက်ဆိုင်ရာမှ သတ်မှတ် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ဖြေလျှော့ပေးရန် စစ်တွေဒေသခံ ၃၀ ဦးမှ လက်မှတ်ရေးထိုးကာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို အောက်တိုဘာ ၁၆ ရက်နေ့က စာပို့ တောင်းဆိုထားကြောင်း သိရှိ၇သည်။
စာရေးသား ပေးပို့တောင်းဆိုရာတွင် ပါဝင်သူ ကိုမျိုးမင်း(ထွန်းကြည်) က “ မြို့ဆိုတာက ညနေပိုင်းမှ ရောင်းရချရတာက ပိုအဆင်ပြေတဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ အထူးသဖြင့် စားသောက်ဆိုင် လုပ်ငန်းတွေပေါ့။ နောက်တစ်ခုက နယ်ကလာပြီးတော့ စစ်တွေမှာ လက်လုပ်လက်စားလာလုပ်တဲ့သူတွေက ညမထွက်ရ အမိန့်ကြောင်း ပြန်ရတာတွေ အခက်အခဲဖြစ်တယ်။ နောက် မနက်ဈေးရောင်းတဲ့ လူတွေလည်း အခက်အခဲဖြစ်တယ်။ ဒါကြောင့် တောင်းဆို၇တာ ဖြစ်တယ်” ဟုပြောသည်။
တောင်းဆိုသူ စစ်တွေဒေသခံ ၃၀ ထဲတွင် ၇ဟန်း (၃) ပါး၊ ပ၇ဟိတသမား (၃) ဦး၊ ယာဉ်မောင်း (၃) ဦး၊ ညဖက်ဈေးရောင်းချသူ (၃) ဦး၊ ဈေးသည် (၃) ဦတို့ ပါဝင်ပြီး အလုပ်နယ်ပယ်တစ်ခုက လူ ၃ ဦးစီစုပေါင်းပြီး လက်မှတ်ရေးထိုးတောင်းဆိုကြခြင်းဖြစ်ကြောင်း သိရှိ၇သည်။
၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့သည့်စာထဲတွင် စစ်တွေမြို့တွင် သတ်မှတ်ထားသော ည ၉ နာရီမှ မနက် ၄ နာရီထိ ညမထွက်၇အမိန့်အား ည ၁၁ နာရီမှ မနက် ၄ သို့ ဖြေလျှော့ပေးရန်တောင်းဆိုကြောင်း ဖော်ပြပါရှိသည်ဟု ဆိုသည်။
စစ်တွေမြို့တွင် ညမထွက်၇အချိန်ကို ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီ ထိ သတ်မှတ်ထားပြီး ၎င်းအမိန့်ကို စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ သြဂုတ်လ ၂၁ ရက်နေ့မှ ထုတ်ပြန်ခဲ့ကြောင်း သိရှိ၇သည်။