Preview

ရခိုင်က တိုက်ပွဲမဖြစ်သည့် မြို့နယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပဘဲ တိုက်ပွဲဖြစ်နေသည့် ပလက်၀တွင်ရွေးကောက်ပွဲကျင်းပသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပြော

အောက်တိုဘာ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :4629
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁၇/ ၂၀၂၀

ရခိုင်က တိုက်ပွဲမဖြစ်သည့် မြို့နယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပဘဲ ၇ခိုင်စစ်ပွဲ၏ ပထမဆုံး အခြေချသည့် ပလက်၀မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အား မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

“စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်တာပေါ့နော်။ ဒါပေမယ့် တိုက်ပွဲလုံး၀မဖြစ်တဲ့ ကျောက်ဖြူတို့ ပေါက်တောတို့ တောင်ကုတ်တို့လို နေရာမျိုးတွေ ပါလာတာတော့ အံ့သြစရာ ကောင်းပါတယ်။ ဒါ့အပြင် ရခိုင်စစ်ပွဲနဲ့ ဆက်စပ်ပြီး ရခိုင်စစ်ပွဲရဲ့ ပထမဦးဆုံး အခြေချတဲ့ ပလက်၀မြို့နယ်ဆိုရင်လည်းပဲ အခုထက်ထိ လမ်းပန်းဆက်သွယ်ရေးက သွားလို့တောင် မရဘူး။ ရိက္ခာ ဆန်သယ်ဖို့တောင် ခက်နေတယ်။ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပပြီးတော့ ကျန်တဲ့နေရာမှာ မကျင်းပတာကတော့ UEC ကို မေးခွန်းမေးစရာ ဖြစ်နေပါလိမ့်မယ်။”

ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ၇သေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၎င်းပြင် ကျောက်ဖြူမြို့နယ်၌ ရပ်ကွက် ၂ခုနှင့် ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်တွင် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု ၅၂ ခုတို့၌ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်၌ ဥပဒေတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းက နိုင်ငံရေးဘောင်ကို ကျဉ်းလာစေပြီး စစ်ရေးဘောင်ကို ပိုမိုကျယ်လာမည်ကို စိုးရိမ်မိကြောင်းလည်း ဦးမောင်မောင်စိုးက ပြောသည်။

“ရခိုင်လူထုအတွက် တစ်ဖက်ကပြောရင် နစ်နာတာ တရားဝင်မှုပေါ့။ ကိုယ်က မက်ဆေ့ချ်ပေးပြီးတော့ အများစ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားဝင်အသံထွက်နိုင်မှု ပျောက်တာပါပဲ။ ဒါကတော့ ဆုံးရှုံးတယ်လို့ ပြောရမှာပဲ။ တစ်ဖက်က ပြောရင်လည်းပဲ ရခိုင်ပါတီတွေ၊ တိုင်းရင်းသားပါတီတွေ အနိုင်ရလည်း ကိုယ့်ပြည်နယ်အစိုးရကို ကိုယ်မဖွဲ့နိုင်တဲ့အခြေနေမှာ သိပ်မထူးဘူးလို့လည်း ပြောလို့၇ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အဆိုပါ မြို့နယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့သဖြင့်  ပြည်နယ်လွှတ်တော်၌ ၇ခိုင်ပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ် အနည်းဆုံး ၁၈ နေရာနှင့် ပြည်ထောင်စုလွှတ်တော်တွင်လည်း အနည်းဆုံး ပြည်သူ့လွှတ်တော် အမတ် ၉ နေရာနှင့် အမျိုးသားလွှတ်တော် ရ နေရာ  နည်းသွားမည်ဖြစ်သည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.