တောင်ကုတ်မြို့နယ်တွင် သင်္ဘော ၃စီး၊စက်လှေ ၆စီး၊တရားမဝင်သစ်တန် ၁၁၄ဝ ကျော်နှင့် လူပေါင်း ၆၁ဦးဖမ်းဆီးရမိဟု တပ်မတော်သတင်းထုတ်ပြန်
ခိုင်လူလှ (ရိုးမမြေမ)
နိရဥ္စရာ၊ အောက်တိုဘာ၁၉/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း သင်္ဘော ၃ စီး၊ စက်လှေ ၆ စီး၊ တရားမဝင်သစ်တန် ၁၁၄၇ တန်နှင့် လူပေါင်း ၆၁ ဦးဖမ်းဆီးရမိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ယနေ့ နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။
အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဆိပ်ခံတောရွာ၏ အနောက်တောင်ဘက် မီတာ ၄ဝဝဝ ခန့် အကွာနေရာ၌ စက်လှေအကြီး ၄ စီးအား မသင်္ကာ၍စစ်ဆေးရာ ၎င်းစက်လှေများပေါ်တွင် တရားမဝင် သစ်မျိုးစုံခွဲသားဆိုဒ်စုံ ၁၅၂ တန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆ သိန်း)ခန့်နှင့် အမျိုးသား ၃၉ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းနေ့ ညနေ ၅ နာရီခန့်တွင် တောင်ကုတ်မြို့နှင့် မီတာ ၅၅ဝဝ ခန့်အကွာ တောင်ကုတ်ချောင်းအတွင်း စက်လှေကြီး ၂ စီးပေါ်တွင် တရားမဝင်သစ်မျိုးစုံ ခွဲသားဆိုဒ်စုံ ၁၄၅ တန်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၅ သိန်း)ခန့်နှင့် အမျိုးသား ၂၂ ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
အလားတူ အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင်လည်း တောင်ကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၇၂ဝဝ ခန့်အကွာရှိ ချောင်းလက်တက်ခွဲအနီးနှင့် လက်ပံချောင်းရွာ၏ အရှေ့ဘက် မီတာ ၄ဝဝဝ ခန့်အကွာ ကရိုင်းမြစ်အတွင်း၌ ရပ်တန့်ထားသည့် သင်္ဘော ၃ စီး တို့အား မသင်္ကာ၍ စစ်ဆေးရာ ၎င်းသင်္ဘောများပေါ်၌ တင်ဆောင်ထားသည့် တရားမဝင်သစ် ၈၅ဝ တန်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၅ဝဝကျော်) ခန့်အား ဖမ်းဆီးရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
အဆိုပါ သစ်များကို လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရမိသင်္ဘော ၃ စီး၊ စက်လှေ ၆ စီး၊ တရားမဝင်သစ် စုစုပေါင်း ၁၁၄၇ တန်ခန့်နှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိကြောင်း ဖော်ပြသည်။
(ဓာတ်ပုံ- တပ်မတော် သတင်းမှန်ပြန်ကြားရေး)