ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေ ဆန္ဒပြကျောင်းသားခေါင်းဆောင် ၃ဦးနှင့် ဝိုင်းရံသူတစ်ဦးကို ရဲက ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.5k

မာန်ယုကျော် (ရွှေဝမြေ)၊ သျှင်မင်းဇံ
စစ်တွေ၊ အောက်တိုဘာ ၁၉ / ၂ဝ၂ဝ

စစ်တွေတွင် ယနေ့ ဆန္ဒပြပွဲဦးဆောင်သည့် ကျောင်းသားခေါင်းဆောင် ၄ ဦးကို ရဲတပ်ဖွဲ့က ဆန္ဒပြနေစဉ် လမ်းခုလတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲက လူစုခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဦးဆောင်ဆန္ဒပြသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ အဖွဲ့ဝင် ကိုမြတ်စိုးဝင်းနှင့် လိုက်ပါဝန်းရံသူတစ်ဦး၊ စုစုပေါင်း လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စစ်တွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က နိရဥ္စရာသို့ ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှဦးဆောင်၍ ရဟန်းသံဃာများ၊ ဒေသခံပြည်သူများက စစ်တွေတွင် ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲမှစတင်ကာ မြို့ပတ်လမ်းလျှောက်ဆန္ဒပြတောင်းဆိုနေစဉ် ကျေးပင်ကြီးရပ်ကွက်ရှိ အင်းဝဘဏ်လမ်းထောင့်အရောက်တွင် ၎င်းတို့လေးဦးကို ရဲတပ်ဖွဲ့က အင်အားသုံးကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

“အခုဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ထွေထွေထူးထူးတော့ မပြောချင်တော့ပါဘူး။ သူတို့(ရဲ) အလုပ်ကို သူတို့လုပ်သလို ကျနော်တို့အလုပ်ကိုလည်း ကျနော်တို့ ဆက်လုပ်သွားမယ်”ဟု ၎င်းက ပြောသည်။

၎င်းတို့အားဖမ်းဆီးပြီးနောက် ဆန္ဒပြရာတွင် လိုက်ပါဝန်းရံသူများသည် စစ်တွေလမ်းမကြီးရှိ အမှတ်(၁) ရဲစခန်းရှေ့သို့ လိုက်ပါသွားကြပြီး ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးရန်နှင့် လက်ရှိအစိုးရအား အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။

ယင်းနောက် ရဲတပ်ဖွဲ့က အင်အားသုံးကာ လူစုခွဲလိုက်သည့်အတွက် နေ့လယ် ၂ နာရီခန့်တွင် လူစု ကွဲသွားကြကြောင်း သိရသည်။

ယနေ့ ဆန္ဒပြတောင်းဆိုရာတွင် ကိုလိုနီအစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ No Bloody Government, No Muder Army၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out၊ ရခိုင်သည် ကျွန် မဟုတ်စသည့်အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ဆက်စပ် သတင်းများ