Preview

စစ်တွေမြို့တွင် ကိုဗစ်ကာလစားဝတ်နေရေးအခက်အခဲဖြစ်နေသော ဆိုက္ကားသမား၂၀၀ ကျော်အား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ စားနပ်ရိက္ခာများလှူဒါန်း

အောက်တိုဘာ ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :8010
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ
နိရဥ္စရာ၊ အောက်တိုဘာ ၂၀/၂၀၂၀

စစ်တွေမြို့တွင် ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲဖြစ်နေသော ဆိုက္ကားသမား ၂၁၀ ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ဆန်၊ဆီ အပါအဝင် စားနပ်ရိက္ခာ (၆) မျိုးကို လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ဆိုက္ကားသမားတစ်ဦးလျှင် ဆန်တစ်တောင်း၊ ပဲတစ်ပိဿာ၊ ငရုတ်သီးတစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ၊ ဆားတစ်ပိဿာနှင့် ဆီတစ်ပုလင်းနှုန်းဖြင့် စစ်တွေမြို့၊ ကုန်သည်လမ်းရှိ LUCKY HOME လာပ်ကီးဟုမ်း အိမ်နှင့် အဆောက်အဦးလုပ်ငန်းသုံးပစ္စည်းများ အရောင်းဆိုင် မိသားစုမှ ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် လှူဒါန်းပေးခဲ့ကြောင်း အလှူရှင်ဖြစ်သူ ကိုမြင့်ဇော်က ပြောသည်။

 “ အခုအချိန်မှာက အိန္ဒိယသုံးဘီးကား သမားတွေ၊ ဘေးတွဲသမားတွေ တအားများလာတဲ့အတွက်  ဆိုက္ကားဆရာတွေက အငှားမကျတော့ဘူး။ ညနေ ရ နာရီ၊ ၈ နာရီလောက်မှာ ကျနော်အပြင်ကို တစ်ခါ တစ်လေထွက်လို့ရှိရင် ဆိုက္ကားဆရာတွေက အိမ်မပြန်နိုင်သေးဘူး။ လမ်းပေါ်မှာ အများကြီးတွေ့တယ်။ အဲဒါနဲ့ ကျနော်က သူတို့ကို အကူအညီပေးမယ်ဆိုပြီး စိတ်ကူးပေါ်လာတဲ့အတွက် အခုလိုမျိုး လှူဒါန်း၇တာဖြစ်ပါတယ်” ဟု ပြောသည်။

ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများမှာ စားဝတ်နေရေး မပြေလည်သဖြင့် မိသားစုပြဿနာများ ဖြစ်လာနိုင်ကြောင်းနှင့် အဆိုပါပြဿနာများ မဖြစ်ရအောင် တစ်ဖက်တစ်လမ်းက ကူညီသည့် အနေဖြင့် ယခု ကူညီထောက်ပံ့မှုကို ပြုလုပ်၇ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ယခုလိုမျိုးလှူဒါန်းပေးရန်အတွက် ဆိုက္ကားဆရာများအား မနက်ကတည်းက ဖြတ်ပိုင်းများပေးထားပြီး ညနေတွင် အဆိုပါဖြတ်ပိုင်းများဖြင့်လာသော ဆိုက္ကားဆရာများအား စားနပ်ရိက္ခာများပေးခဲ့ကြောင်းနှင့် ဖြတ်ပိုင်းမပါသော ဆိုက္ကားဆရာများအား ငွေ ၅၀၀၀ ကျပ်ထောက်ပံ့ပေးခဲ့ကြောင်း ကိုမြင့်ဇော်က ဆက်ပြောသည်။

“ အခြေခံလူတန်းစားဖြစ်တဲ့ ဆိုက္ကားဆရာတွေကို သီသန့် ကျနော်က အလှူလုပ်တာ။ ဆိုက္ကားဆရာတွေကို ကျနော်တို့က မနက်ကတည်းက ဖြတ်ပိုင်းလေးတွေ ပေးထားတယ်။ အဲဒီဖြတ်ပိုင်းလေးတွေနဲ့ သူတို့ စားနပ်ရိက္ခာတွေလာယူတယ်။ တချို့ဖြတ်ပိုင်းမပါတဲ့ ဆိုက္ကားဆရာများကို ပိုက်ဆံ ၅၀၀၀ ထောက်ပံ့ ပေးလိုက်တယ်” ဟုပြောသည်။

ကိုဗစ်ကာလအတွင်း ဆိုက္ကားဆရာများမှာ စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေ၇သဖြင့် ယခုလိုမျိုးလှူဒါန်းပေးမှုအပေါ် အလွန်ဝမ်းသာမိကြောင်းနှင့် ကျေးဇူးအထူးတင်မိကြောင်း ဆိုက္ကားသမားများက ပြောဆိုကြသည်။

ဆိုက္ကားဆရာတစ်ဦးဖြစ်သူ ဦးထွန်းသိန်းဦးက “ ဦးလေးတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ တစ်ရက် ဆိုက္ကားမမောင်းနိုင်ဘူးဆိုလိုရှိရင် တစ်ရက်မစားရ အဲလိုမျိုးအခက်အခဲတွေ ကြုံတွေ့နေရတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ အခုလိုမျိုးလှူဒါန်းပေးတာကို ကျေးဇူးအထူးတင်ပါတယ်။ စစ်တွေမြို့မှာ ခုလို စေတနာရှင်တွေ အများကြီးထွက်ပေါ်လာဖို့ ဆန္ဒပြုပါတယ်” ဟု ပြောသည်။

ကိုမြင့်ဇော်တို့ မိသားစုမှာ ယခင်ကလည်း စစ်ဘေးရှောင်များအား အတတ်နိုင်ဆုံး အလှူအတန်းများ ပေးခဲ့ဖူးကြောင်း အလှူရှင်ဖြစ်သူက ပြောသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.