စစ်တွေဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦးထပ်မံသေဆုံး၊ ရခိုင်တစ်ပြည်နယ်လုံးတွင်သေဆုံးသူ ၁၂ ဦးရှိသွားပြီ


အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ၂ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည့် ကိုဗစ်အတည်ပြုလူနာ ၂ ဦး ထပ်မံသေဆုံးသွားခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်လူနာ သေဆုံးသူ ၁၂ ဦးရှိသွားခဲ့ပြီ ဖြစ်သည်။

စစ်တွေဆေးရုံကြီးတွင် သေဆုံးသွားသူ နှစ်ဦးအနက် ပထမလူနာမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင်လည်းကောင်း၊ ဒုတိယလူနာမှာ ယနေ့ နံနက် ၅ နာရီခွဲခန့် အချိန်တွင်လည်းကောင်း နာရီအပိုင်းအခြား အနည်းငယ်အတွင်း သေဆုံးခဲ့သည်ဟု သိရသည်။

စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က “ မနေ့က တစ်ယောက် ဒီနေ့မနက်တစ်ယောက်သေတယ်နော်။ ICU ကပဲ။ လူနာတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကို ဆရာကို နေ့လယ်ကျရင်တစ်ခေါက်ပြန်မေးပေးပါ” ဟု ပြောဆိုသည်။

ယမန်နေ့ ည ၉ နာရီက သေဆုံးသူမှာ စစ်တွေမြို့၊ ဓညဝတီ(ခ)ရပ်ကွက်မှ အသက်(၆ဝ)နှစ် ကျော် အမျိုးသားတစ်ဦး ဖြစ်ပြီး  ယနေ့ နံနက်က သေဆုံးသည့် အသက်(၆၂)နှစ်အရွယ်အမျိုးသမီးမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှဖြစ်ကြောင်း ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

၄င်းသေဆုံးသူနှစ်ဦးလုံးမှာ စစ်တွေဆေးရုံကြီးတွင် ICU( အထူးကြပ်မတ်ဆောင်) တွင် တက်ရောက် ကုသနေသူများဖြစ်ကြောင်းသိရသည်။

စစ်တွေမြို့ဆေးရုံကြီးတွင် ကိုဗစ် ၁၉ အတည်ပြု လူနာ သေဆုံးသူ ၉ ဦးခန့်အထိ ရှိလာပြီဖြစ်ပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ၁၂ ဦး ရှိသွားပြီ ဖြစ်သည်။

၄င်းတို့မှာ စစ်တွေဆေးရုံတွင် ၉ ဦး၊ စစ်တွေတပ်နယ်ဆေးရုံမှ ၁ ဦး၊ပေါက်တောဆေးရုံ ၁ ဦး၊ ကျောက်တော်ဆေးရုံမှ ၁ ဦးတို့ဖြစ်ကြသည်။

Share: