Preview

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခဲ့ရသည့် ရသေ့တောင်မှ ကျောင်းဆရာအသုဘကို လူပေါင်းထောင်နှင့်ချီပြီးလိုက်ပါပို့ဆောင်၊ မိခင်ဖြစ်သူက တရားမျှတမှုကို ရလိုကြောင်းပြောဆို

အောက်တိုဘာ ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :10480
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၂၀ /၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှ လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် ကျောင်းဆရာ ဦးမျိုးဆက်နိုင်ဦး(ခ) ဦးမောင်မောင်ဦး(၂၁)နှစ်၏ အသုဘကို ယနေ့ နေ့လယ်က ပြုလုပ်ရာ လူထောင်နှင့်ချီပြီး လိုက်ပါ ပို့ဆောင်ခဲ့ကာ မိခင်ဖြစ်သူက သားဖြစ်သူ မတရားသေဆုံးခဲ့ရသဖြင့် တရားမျှတမှုကို၇လိုကြောင်း ပြောဆိုသည်။

ရသေ့တောင်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက “ အသုဘကို ရသေ့တောင်မြို့ သုဿန်မှာ ကျင်းပပါတယ်။ လူပေါင်း တစ်ထောင်လောက် တက်ရောက်ပါတယ်။ တော်တော်များလာကြပါတယ်။ ဂူသွင်း သင်္ဂြိုလ်ပါတယ်။ နေ့လယ် ၁ နာရီကျော်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အသုဘ အခမ်းအနားသို့ ရသေ့တောင်မြို့နယ် ပညာရေးမှူး ဒေါ်နုနုသာအပါအဝင် ဆရာ ဆရာမ အများအပြားလည်း တက်ရောက်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

မိခင်ဖြစ်သူဒေါ်ယိုင်ယိုင်သန်း(ခ)မကြီးက သားဖြစ်သူ မတရားသေဆုံးရမှုအတွက် တရားမျှတမှုရလိုကြောင်း နိုင်ငံတော်အကြီးအကဲများကို တောင်းဆိုချင်သည်ဟု  နိရဥ္စရာသတင်းဌာနအားပြောသည်။

“ဘယ်လိုမှ မဖြေသိမ့်နိုင်ပါဘူး။ သားလေးတစ်ယောက်ဆုံးသွားခဲ့ရပြီး။ နိုင်ငံတော်အကြီးအကဲတွေကို ဆရာလေးအတွက် တရားမျှတမှုကို လိုလားတဲ့အတွက် တရားမျှတမှုကိုတောင်းဆိုချင်ပါတယ်။” ဟုပြောသည်။

ကျောင်းဆရာ ဦးမျိုးဆက်နိုင်ဦး(ခ) ဦးမောင်မောင်ဦးသည် ယမန်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က နွားရေတိုက်ရန် လယ်ကွင်းသို့ သွားချိန်တွင် ၇သေ့တောင်မြို့ဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

“ သူက ပညာရေးကောလိပ် ကျောင်းဆင်းလို့ ဒီနှစ်ပဲ အလုပ်ရတာ။ ငစံဘော် မူလတန်းကျောင်းမှာ တာဝန်ကျတာ သုံးလေးလလောက်ပဲ ရှိပါသေးတယ်။ ရသေ့တောင်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးက ရွာလယ်ကွင်းမှာ ကျပေါက်တဲ့ အချိန်မှ ထိတာ။ မျက်လုံးကို  ဖောက်ဝင်သွားတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိပဲနဲ့ ပစ်တာပါ။ မနေ့က ရသေ့တောင်ကနေ စစ်တွေကိုယူတဲ့ လမ်းမှာ အသက်ဆုံးသွားပါတယ်” ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

(ဓာတ်ပုံ- Shwe Kyaw Hla)

#စစ်ဒဏ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.