စစ်တွေဆေးရုံကြီးတွင် ကိုဗစ်လူနာတစ်ဦးထပ်မံသေဆုံး၊ ရခိုင်တွင်သေဆုံးသူ ၁၃ ဦးထိရှိလာ


အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၂၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆေးရုံကြီးတွင် ယနေ့နံနက် ၃ နာရီခန့်က ကိုဗစ်လူနာတစ်ဦးထပ်မံသေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက်(၆၉)နှစ် အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ကျောက်တော်မြို့နယ် ရှမ်းရွာရပ်ကွက်မှ ဖြစ်သည်။

စစ်တွေဆေးရုံကြီး Isolation ward တွင် ဆေးကုသမှုခံယူနေရာမှ သေဆုံးသွားကြောင်း ရခိုင် ကိုဗစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်သည်။

စစ်တွေဆေးရုံအုပ်ဒေါက်တာဇော်လွင်က ကိုဗစ်လူနာသေဆုံးခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ဒီနေ့မနက်ကသေသွားတာပါ။ဟုတ်ပါတယ်။သေဆုံးသူကို မနက်ကပဲ သင်္ဂြိုလ်လိုက်ပါပြီ” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ လက်ရှိ ၁၃ဦးထိရှိသွားပြီဖြစ်သည်။

၄င်းတို့မှာ စစ်တွေဆေးရုံကြီးမှ ၁ဝ ဦး၊ စစ်တွေတပ်နယ်ဆေးရုံတွင် ၁ ဦး၊ ကျောက်တော်ဆေးရုံမှ ၁ ဦးနှင့် ပေါက်တောဆေးရုံမှ ၁ ဦး စုစုပေါင်း ၁၃ ဦးထိရှိလာပြီးဖြစ်သည်။

ခုတင် ၅ဝဝ ဆံ့ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၂၁ ရက်နေ့ထိ ဆေးရုံက ဆင်းခွင့်ရသူပေါင်းမှာ ၁ဝ၉၂ ဦးရှိပြီး လက်ကျန် လူနာ ၁ဝ၄ ဦး ရှိကြောင်း သိရသည်။

Share: