Preview

ရွေးကောက်ပွဲကျင်းပခွင့်ရသည့် မာန်အောင်မြို့တွင် ANP အင်အားပြမဲဆွယ်စည်းရုံး

အောက်တိုဘာ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :10742
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂/ ၂၀၂၀

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့် ရသည့် မာန်အောင်မြို့တွင် ယနေ့ နံနက်ပိုင်းက ရခိုင်အမျိုးသားပါတီ (ANP) အင်အားပြ မဲဆွယ် စည်းရုံးရေး ပြုလုပ်ခဲ့ရာ လူပေါင်းထောင်ချီပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

မာန်အောင်မြို့နယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) မှ ပြည်သူ့ လွှတ်တော် ၁ နေရာနှင့် ပြည်နယ် လွှတ်တော် ၂ နေရာ အနိုင်ရရှိထားသော မြို့နယ်ဖြစ်သည်။

မာန်အောင်မြို့ရှိ ANP ပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးဝင်းနိုင်ဦးက “ပထမဆုံးက ကျွန်တော်တို့ မြို့ပေါ်မှာ ပါတီအမာခံ ၅၀/ ၁၀၀ လောက်နဲ့ပဲ လုပ်မယ်လို့ စီစဉ်ထားတာ။ တချို့က မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်မှာကို အင်တာနက်ပေါ်တင်လိုက်တော့ ရွာက ANP ကိုထောက်ခံဝန်းရံသူတွေ၊ အနီးအနားက ရွာကလူတွေ၊ မြို့ပေါ်ရပ်ကွက်ကလူတွေပါ ဝန်းရံလာကြပါတယ်။ အခုလို လူပေါင်း ထောင်ချီပြီး အင်အားပြဖို့တော့ အစီစဉ် မရှိခဲ့ဘူး။ မမျှော်လင့်ပဲ ထောက်ခံဝန်းရံသူတွေ အင်အားများသွားတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ နံနက် ၈ နာရီခွဲခန့်က မာန်အောင်မြို့ ဆိုင်းဘုတ် အဝင်၀မှ လမ်းမကြီးများ၊ ရပ်ကွက်များတွင် စီတန်းကာ ဆိုင်ကယ် အစီး ၅၀၀ ကျော်ခန့်၊ မော်တော်ကားအချို့တို့ဖြင့် လူပေါင်း ၁၃၀၀ ခန့်ပါဝင်ကာ ဆိုင်းဘုတ်များ၊ ပိုစတာများ တင်ဆောင်ကာ ယနေ့ နံနက် ၉ နာရီခွဲအထိ လှည့်လည်ပြုလုပ်ခဲ့ကြောင်း ဦးဝင်းနိုင်ဦးက ဆိုသည်။

၇ခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုနှင့် မြို့နယ်အချို့မှ ကျေးရွာအုပ်စု အချို့တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့သော်လည်း အဆိုပါ မြို့နယ်များထဲတွင် မာန်အောင်မြို့နယ် ပါဝင်ခြင်း မရှိပေ။

၄င်းမြို့နယ် ၉ ခုမှာ မောင်တော၊ ဘူးသီးတောင်၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံတို့ဖြစ်ကြသည်။

မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာများမှ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)  အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁၀) ရပ်ကွက်နှင့်  ကျေးရွာအုပ်စု (၅၂) အုပ်စုတို့ ပါဝင်သည်။

ရခိုင်ပြည်နယ်အတွင်း တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပခွင့်၇သည့် မြို့နယ် ၄ ခုရှိပြီး ၄င်းတို့မှာ မာန်အောင်မြို့နယ်အပါအဝင် ရမ်းဗြဲ၊ သံတွဲနှင့် ဂွမြို့နယ်တို့ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.