ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး AA တွင်တာဝန်ရှိ၊ ငြိမ်းချမ်းရေး တံခါးဖွင့်ထားကြောင်း သမ္မတရုံးပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် နယ်မြေအခြေအနေတည်ငြိမ်ရန် လိုပြီး ၎င်းအနေအထားသို့ ရောက်ရန်မှာ AA တွင် တာဝန်ရှိကြောင်း၊ အစိုးရအနေနှင့် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပြီး AA ခေါင်းဆောင်များဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို တကယ်လို/ မလို ကိုယ်တိုင် ပြန်ဆန်းစစ်ဆေးရန် လိုကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက အောက်တိုဘာ ၂၃ ရက် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြာသွားသည်။

“UEC ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီးဖြစ်ပါတယ်။ ဒီနယ်မြေတွေမှာ တည်ငြိမ်သွားပြီး၊ အေးချမ်းသွားပြီဆိုရင် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ ပေးပြီးဆိုရင် သူတို့ လုပ်ပေးမယ်လို့ ပြောထားပြီးသား။ အဲအနေအထားကို ရောက်ဖို့အတွက် AA မှာလည်း တာဝန်ရှိတယ်။ နောက်ရခိုင်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ လူထုအသိုင်းဝိုင်းတွေပေါ့နော့။ အကုန်လုံးက ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရော၊ ရခိုင်မှာရှိတဲ့ တကယ့် ကီးပလေယာတွေ ( Key Player) အားလုံးက ဒီဟာကို ဝိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောချင်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။   

ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးစသည့် မြို့နယ် ၉မြို့နယ်နှင့် ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ် မြို့နယ်များရှိ ရပ်ကွက် ၁၅ခုနှင့် ကျေးရွာအုပ်စု ၁၃၇ခုတို့တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနက မှတ် ချက်ပေးမှုအရ ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အောက်တိုဘာလ ၁၆ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ မြို့နယ် (၉) မြို့နယ်နှင့် မြို့နယ် ၄ ခုမှ ရပ်ကွက်အများအပြားတွင် ရွေးကောက်ပွဲ မကျင်းပရန် UEC က ဆုံးဖြတ်ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်မေးမြန်းစဉ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

၎င်းပြင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးလည်း ဦးဇော်ဌေးက ယခုလို ပြောဆိုသည်။

“ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်။AA ခေါင်းဆောင်တွေအနေနဲ့ တကယ့် တွေ့ဆုံဆွေးနွေး ပြီးတော့ အဖြေရှာတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို တကယ်လိုလားသလား။ မလိုလားဘူးလား သူတို့ ကိုယ်တိုင် ပြန်ဆန်းစစ်ဆဲဖို့လိုတယ်။ ပြန်ဆန်းစစ်ပြီးတာနဲ့ ဘယ်နည်းလမ်းက ရခိုင်ပြည်နယ်အတွက်ကော၊ ပြည်ထောင်စု အတွက်ကော ဘယ်နည်းလမ်းက ကောင်းမွန်မှာလည်းဆိုတာကို သူတို့ဆုံးဖြတ်ဖို့လိုတယ်။ ဒီလိုမှ မဟုတ်ဘူး ဆိုရင် ပြဿနာတွေ ပိုကြီးထွားလာမယ်။ မြေပြင်အခြေအနေပေါ်မူတည်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက ပိုပြီးတော့ ခက်ခဲလာနိုင်တယ်။ ခက်ခဲလို့လည်း ကျနော်တို့ မြောက်ပိုင်းလေးဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာလည်း နည်းနည်းလည်း အခက်အခဲတွေကြုံလာတယ်။ ဒီအနေအထားတွေရှိပါတယ်။”

AA အနေဖြင့် ပြည်ပအဖွဲ့အစည်းများကို ကူညီပေးနေမှုများကို ရပ်ဆိုင်းပြီး ပြည်ထောင်စုသားအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

“ AA အနေနဲ့ ပြည်ပက အဖွဲ့အစည်းတွေ၊ အစိတ်အပိုင်းတွေ၊ အဲဒါတွေနဲ့ ပူးပေါင်းပြီးတော့ အကူအညီပေးတာတွေ ရပ်ဆိုင်းဖို့လိုတယ်။ ပြောရရင်တော့ ကိုယ့်ပြည်ထောင်စုသား အချင်းချင်း ကိုယ့်ပြည်နယ်က အစိုးရရယ်၊ ကိုယ့်ပြည်နယ်ထဲက အင်အားစုတွေ၊ ပြည်ထောင်စုရဲ့ အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ကို ရှေ့ရှု ဦးတည်သင့်တယ်လို့ ဒုတိယအချက်အနေဖြင့် ပြောချင်တယ်။”

ရက္ခိုင့်တပ်တော် (AA) မှလည်း အောက်တိုဘာ ၁၉ ရက်နေ့က တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် (၃) ဦးအား ခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းထုတ်ပြန်ချက်တွင် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်။

“ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် အနေဖြင့် မြန်မာအစိုးရနှင့် စစ်တပ်၏ အမြတ်ပြတ်ချေမှုန်းရေး ထိုးစစ်အား ညီနောင်မဟာမိတ်များ၊ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ ခုခံ တိုက်ခိုက် နေရသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြင့်သာ လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို ပြေလည်အောင်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင်း ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း” ၎င်းထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

ဆက်စပ် သတင်းများ