သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အင်အားသောင်းချီပါဝင်သော သံတွဲမြို့ ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေး သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၂၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရခိုင်အမျိုးသားပါတီ( ANP ) ပါတီ၏ အင်အားပြ မဲဆွယ် စည်းရုံးကို ယနေ့နံနက်က ပြုလုပ်ခဲ့ရာ ထောက်ခံသူ လူပေါင်း သောင်းနှင့်ချီပြီး ပါဝင်ခဲ့ပြီး သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဇော်က ပြောသည်။

“ လူပေါင်း တစ်သောင်းကျော်လောက်ပဲ ပါဝင်တယ်လို့ ပြောချင်ပါတယ်။ လူတွေခန့်မှန်းတာကတော့ အများကြီးလို့ ခန့်မှန်းကြပါတယ်။ အများဆုံးရှိ တစ်သောင်းကျော် နှစ်သောင်းနီးပါးလောက်တော့ ရှိပါလိမ့်မယ်။ နှစ်ပေါင်း ၇ဝ ကျော် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ရခိုင်အမျိုးသားပါတီတစ်ခုရဲ့ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ နေ့လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကိုဗစ်ရောဂါ ကြောင့် လူအများကြီး မလာရောက်ကြရန် ပြောဆိုတားမြစ်ထားခဲ့ကြောင်း၊ နယ်ကလူများ အကုန်လုံးတက်လာမည်ဆိုပါက ယခုထက် အင်အား ပိုများနိုင်ကြောင်း ၎င်းက ပြောဆိုသည်။  

“ ကျနော်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ ကျော်ကျော်ကတည်းကဘဲ တစ်ခါမှကျနော်တို့ သံတွဲမြို့နယ်ဆိုတာ တစ်ခါမှ ရခိုင်ပါတီ အနိုင်မရခဲ့ပါဘူး။ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရကို ရခိုင်လူမျိုးတွေကို အခြေခံ ဖွဲ့စည်းထားတဲ့ ပါတီတစ်ခုခုက မဖွဲ့စည်းနိုင်ခဲ့ဘူး။ သံတွဲမြို့နယ် ဆိုရင်လည်း ရခိုင်ပါတီတွေ ဘယ်တော့မှ အနိုင်မရရှိခဲ့ဘူးတာ လွတ်လပ်ရေး ရပြီးကတည်းက အခုအချိန်ထိ ဖြစ်ပါတယ်။ အဲသလိုဆိုတော့ ကျနော်မှာ ရည်ရွယ်ချက် နှစ်ရပ်ရှိပါတယ်။  နံပတ်တစ်  ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့်၊ လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်းကတည်းက ဗမာတွေ ကြီးစိုးပြီးတော့ ဖွဲ့လာခဲ့တဲ့ ကျနော်တို့ရဲ့သမိုင်းဆက်ကို ကျနော်တို့ အားပေးခဲ့တယ်။ အခု ၂ဝ၂ဝ ကျတော့  ကျနော်တို့သည်လည်း ဒါကျနော်တို့ရဲ့  ပြည်နယ်ဖြစ်တယ်။ ကျနော်တို့ရဲ့ လူမျိုးတွေ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့သည်လည်း ပြည်နယ် အစိုးရဖွဲ့စည်းခွင့်ရှိနိုင်ရမယ်။ ဒီလို ယုံကြည်ချက်တွေ ရှိလာကြတယ်။ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့်ရှိရင် ရခိုင်လူမျိုးတွေရဲ့ အနာဂတ်ကို ကျနော်တို့ အခုလက်ရှိ အစိုးရတွေ၊ ပြည်နယ်အစိုးရအဆက်ဆက် လုပ်ထားတဲ့ဟာထက် ပိုပြီးတော့ ကျနော်တို့ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်မယ်လို့ ယုံကြည် မျှော်လင့်လာကြတယ်။ ဒီလို ရည်ရွယ်ပြီးတော့ ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေးကို ဒီလို လူထု အင်အားကို ပြပြီး လုပ်လာကြရတာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယခင်က ရခိုင်အခြေစိုက် ပါတီများအပေါ် ဒေသခံများ စိတ်ဝင်စားမှု အလွန် နည်းပါးခဲ့ရာမှ ယခုအခါ မည်သည့်အတွက်ကြောင့် ဒေသအခြေစိုက် ရခိုင်ပါတီအပေါ် လူထု စိတ်ဝင်စား ထောက်ခံမှု မြင့်မားလာရပါသလဲဟု ဆက်လက်လက်မေးမြန်းရာ ဦးမြင့်ဇော်က ယခုလို ဖြေကြားသည်။

“ အဓိက မျိုးချစ်စိတ်ဓာတ်ပါ။ ကျနော်တို့ ရခိုင်ဆိုတာလေ နိုင်ငံနဲ့ နေခဲ့တယ်ဆိုတာ ဟိုတုန်းက မသိခဲ့ပေမယ့် အခုတော့ ဆက်သွယ်ရေး Communication ကောင်းလာတော့ ရခိုင်လူမျိုးဆိုတာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံနဲ့ နေခဲ့တဲ့ လူမျိုးဖြစ်တယ်ဆိုတာကို သိလာကြတယ်။ ကိုယ့်ပြည်နယ်က လက်ရှိ အလွန်တရာမှ နိမ့်ကျနေတော့ ကိုယ်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ချင်ကြတယ်။ ဒါဆို ညီညွတ်မှ ဖြစ်တယ်။ နောက်တစ်ခုက အခု ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဘယ်သူသတ်တယ်။ ဘယ်လိုသတ်တယ်။ ဘယ်အဖွဲ့အစည်းက သတ်တယ်ဆိုတာ မပြောလိုပေမယ့်လည်း ပြည်သူတွေ အသတ်ခံနေတယ်ဆိုတာ အားလုံးသူ မြင်နေရတယ်။ ဖေ့ဘုတ်က မြင်နေတဲ့ အချိန်မှာ ရခိုင်မြောက်ပိုင်းမှာ အသတ်ခံနေရတာလည်း တောင်ပိုင်းသား ရခိုင်တွေ အသတ်ခံနေရပါလားဆိုတဲ့ အမြင်တွေ ရှိလာကြတယ်။ ရခိုင်တောင်ပိုင်းက ငါတို့ ရခိုင်သားနဲ့ မြောက်ပိုင်းက ရခိုင်တွေနဲ့ အတူတူပဲ ဆိုပြီးရပ်တည်လာကြတယ်။ ဒါတွေက ကိုယ့်အမျိုးသားပါတီ အပေါ် ပိုစိတ်ဝင်စား လာကြတယ်။ ထောက်ခံလာကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သံတွဲခရိုင်အတွင်းမှ သံတွဲမြို့နယ်သည် ဂွမြို့နယ် နှင့် အတူ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခွင့် ရရှိထားသည့် မြို့နယ် တစ်ခုဖြစ်သည်။ ကျန်ကျင်းပခွင့်ရထားသည့် ရခိုင်မှ မြို့နယ်နှစ်ခုမှာ ကျောက်ဖြူခရိုင် အတွင်းမှာ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်တို့ ဖြစ်ကြသည်။

ရခိုင်အမျိုးသားပါတီ အင်အားပြ မဲဆွယ်စည်းရုံရေးကို ဂျိတ္တောတွင် စုဆုံပြီး နံနက် ၁ဝ နာရီ စတင်ထွက်ခွာခဲ့ကာ  ဂျိတ္တောမှ ငပလီ၊ လေယာဉ်ကွင်း လမ်းတစ်လျှောက်၊ ယင်းမှ သံတွဲမြို့ထဲထိ အလံများ၊ ပိုစတာများကို ကားပေါ်တွင် ချိတ်ဆွဲကာ ချီတက်ခဲ့ကြပြီး အံတော် ရပ်ကွက် ဘော်လုံကွင်း တစ်ခုတွင် ရပ်နားခဲ့သည်ဟု သိရသည်။

ငပလီ လမ်းဆုံတွင် ရခိုင်အဆိုတော ကိုမြတ်ခိုင်ကျော်နှင့် အဖွဲ့မှလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများဖြင့် ဖြေဖျော်ခဲ့သည်ဟု သိရှိရသည်။
 

ဆက်စပ် သတင်းများ