ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 771

သျှင်မင်းဇံ
နိရဥ္စရာ၊ အောက်တိုဘာ ၂၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသော မြို့နယ် (၉) ခုနှင့် နောက်ထပ် မြို့နယ် ၄ ခုတို့မှ ရပ်ကွက်/ကျေးရွာအုပ်စု ၁၅၂ ခုတို့ အပါအဝင်  ရွေးကောက်ပွဲ အခင်းအကျင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ  ယနေ့တွင်စစ်တွေမြို့၌  တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က "ရခိုင်အမျိုးသားပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ် (၉) မြို့နယ်ကို ရွေးကောက်ပွဲမကျင်းနိုင်ဘူးလို့ ကြောညာထားတဲ့အပေါ် ပြန်လည်သုံးသပ်ပေးလို့ ပြည်နယ်ကော်မရှင်ကို တင်ထားတော့ရှိတဲ့ အဲဒါကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆက်လက်တင်ပြဖို့ဆောင်ရွက်နေတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ကို တင်ပြသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် ကျင်းပခွင့်ပြုရန် တင်ပြမည့် နေရာ ၄ခုရှိကြောင်း ယင်းတို့မှာ  စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်စု (၄) စု၊ ပေါက်တောမြို့နယ်တစ်ခုလုံး၊ မောင်တောမြို့နယ် တောင်ဘက်ပိုင်းနှင့် တောင်ကုတ်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၈) စု တို့ဖြစ်ကြောင်း ဦးသူရိန်ထွဋ်က ဆက်လက် ပြောဆိုသည်။

တွေ့ဆုံ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှာ ယနေ့ နံနက် ၁ဝ နာရီခန့်က စတင်ပြုလုပ်ခဲ့သည်။

၎င်းတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အစိုးရဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ မြို့ပေါ်မှ သြဇာတိက္ကမ ရှိသူများ တက်ရောက် ခဲ့ကြသည်။

 ရွေးကောက်ပွဲမကျင်းသည့် မြို့နယ် (၉) ခုနှင့် မြို့နယ် (၄) ခုက ရပ်ကွက် ကျေးရွာအုပ်စုများနှင့် ပတ်သက်ပြီး ပြန်လည်ကျင်းပနိုင်ရေးအတွက် ပြန်လည် ဆွေးနွေးပွဲတွင် သုံးသပ်ရန် အကြံပြု တင်ပြမှုများလည်း ရှိခဲ့သည်။  

ရခိုင်အမျိုးသားပါတီမှ စစ်တွေမြို့နယ်မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က "အခုတင်ပြခဲ့တဲ့ မြို့နယ်လေးမြို့နယ်ကို ပြည်ထောင်စုရွေးကောက်ပွဲက ကျင်းပခွင့် မပေးဘူးဆိုရင် အဖိနှိပ်ခံနေရတဲ့ ရခိုင်ပြည်သူလူထုတွေ အနေနဲ့ သူတို့ရဲ့ ဆန္ဒတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက  တစ်ဆင့် လွှတ်တော်မှာအသီးသီး တင်ပြမယ်အခွင့်အရေး အဓိကဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အဓိက နစ်နာမှာက ပြည်သူတွေဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မဲဆန္ဒရှင်ပြည်သူ တစ်သန်းခြောက်သိန်းကျော်ရှိပြီး ရွေးကော်ပွဲမကျင်းပတဲ့ (၉) မြို့နယ်မှာ မဲပေးပိုင်ခွင့်မရရှိသည့်အတွက် မဲဆန္ဒရှင် တစ်သန်းကျော်မှာ မဲပေးခွင့် ဆုံးရှုံးမည် ဖြစ်ပြီး မဲဆန္ဒရှင် လေးသိန်း လေးသောင်းသာ မဲပေးပိုင်ခွင့်ရကြမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးသောင်းစိန်က "ကျန်ခဲ့တဲ့ နေရာတွေထဲမှာ လုပ်နိုင်တဲ့နေရာကို ကျွန်တော်တို့ပါတီအမြင်အရ မောင်တောမြို့မှာ မဲဆန္ဒရှင်ပြည်သူတွေက နည်းပြီး လုံခြုံရေး အင်အားကများတယ်။ အဲဒီလုံခြုံရေးအင်အားနဲ့ လုပ်မယ် ဆိုရင် မောင်တောဒေသက တစိတ်တပိုင်းက ရွေးကောက်ပွဲ လုပ်နိုင်ပါတယ်"ဟု ပြောသည်။

၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲကျင်းပရန် (၁၃) ရက်သာ လိုတော့သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြန်ကျင်းပနိုင်မည့် နေရာများကို အမြန်ဆုံးထုတ်ပြန် လိုအပ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ယခင်က ရခိုင်မှ မဲရုံများတွင် မဲရုံတစ်ရုံကို မဲဆန္ဒရှင် ၃ဝဝ မှာ ၃ဝဝဝ အထိ သတ်မှတ်ထားသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ကိုဗစ်အခြေအနေကြောင့်  မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် ၃ဝဝ မှ ၁ဝဝဝ အထိ သတ်မှတ်ထားသည်ဟု ဦးသူရိန်ထွဋ်က ပြောသည်။

မဲရုံများကို မြေညီထပ် စာသင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာဓမ္မာရုံများ စသည့် နေများတွင် စီစဉ်ထားပြီး မဲရုံလုံခြုံရေးကို အထူးရဲတစ်ယောက်နှင့် တာဝန်ကျရဲတစ်ယောက် စုစုပေါင်းနှစ်ယောက် စီစဉ်ထားသည်ဟု ပြည်နယ်ကော်မရှင် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဆက်စပ် သတင်းများ