အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စစ်တွေတွင် NLDပါတီ လက်ကမ်းစာစောင်များဖြန့်ဝေပြီး မဲဆွယ်စည်းရုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် လက်ကမ်း စာစောင်များဖြန့်ဝေပြီး မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ထိုသို့ မဲဆွယ်စည်းရုံးရာတွင် NLD ရုံးမှ ပါတီဝင်များနှင့် ပါတီဝိုင်းရံသူ စုစုပေါင်း ၁၆ ဦး ပါဝင်ခဲ့ကြောင်း စစ်တွေမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ရုံးအဖွဲ့မှူး ဦးခင်မောင်ရီက ပြောသည်။

“ ဒီကနေ့ နေ့ နံနက် ၈ နာရီခန့်မှာ စစ်တွေမြို့ရှိ NLD ရုံးက ၁၆ ယောက်တည်းနဲ့ လုပ်ခဲ့တာက နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကို မငြိစွန်းစေချင်ပါဘူး။ အဲဒါလေးတစ်ချက်ပါ။ စည်းကမ်းထိန်းရတာလည်း ကောင်းလို့ ၁၆ လောက်လေးနဲ့ သွားတာပါ။ ဒီ ၁၆ ယောက်မှာ ပါတီဝင်တွေပေါ့။ တချို့လည်း ပါတီကို ဝန်းရံသူတွေပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

မဲဆွယ်စည်းရုံးရေးအတွင်း လိုက်ပါလာသူများ အဆင်ပြေစေရန်အတွက် စစ်တွေမြို့ရှိ နေရာအချို့တို့ကိုသာ လှည့်ပတ်ခဲ့ကြောင်း၊ Hijet ကား ၂ စီးနှင့် ဆိုင်ကယ်အချို့တို့ဖြင့် လည်ပတ်ခဲ့ကာ ပါတီ လက်ကမ်း စာစောင်များအား နေအိမ်အချို့တို့ထံ ဝင်ရောက်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“ကလေးတွေလည်း မပင်မပန်းမယ့် နေရာလေးတွေကို လည်ပတ်ခဲ့ပါတယ်။ တစ်မြို့လုံး ကျယ်ကျယ် ပြန့်ပြန့်လည်း မသွားခဲ့ဘူးပေါ့။ သွားလို့လာလို့ အဆင်ပြေမယ့် နေရာလောက်လေးပဲ သွားခဲ့ကြတာပေါ့။ Sound Box လည်းဘာလေး ဖွင့်ပေးတယ်ပေါ့။ ဒီလောက်ပါပဲ” ဟု ဦးခင်မောင်ရီက ပြောသည်။

NLD ၏ စစ်တွေ မဲဆွယ်စည်းရုံးရေးကို ယနေ့နံနက် ၈ နာရီမှ  ယနေ့  နေ့လယ် ၁၂ နာရီခန့်ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ် ၁၄ ခု၏ မြို့တော်များအထဲတွင် စစ်တွေမြို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ထောက်ခံမှု အနည်းဆုံးမြို့ဖြစ်ပြီး ၂ဝ၁ဝ နှင့် ၂ဝ၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပြည်မပါတီများသည် ဒေသအခြေစိုက် ရခိုင်ပါတီများကို ရှုံးနိမ့်ခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ်၌ ကျေးရွာအုပ်စု ၄ ခုမှ အပ ကျန်နေရာများအားလုံးတွင် ရွေးကောက်ပွဲကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

ဆက်စပ် သတင်းများ