သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ANP မဲဆွယ်စည်းရုံးရေးရေယာဉ် ကမ်းမကပ်ရန် သံတွဲပါတီတာဝန်ရှိသူများလက်မှတ်ရေးထိုးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂၇/ ၂ဝ၂ဝ

ရခိုင်အမျိုးသားပါတီ ANPမှ မဲဆွယ်စည်းရုံးရေး ဖျော်ဖြေရေး ရေယာဉ်ဖြင့် ဂွ၊ သံတွဲနှင့် တောင်ကုတ် မြို့နယ်များတွင် မဲဆွယ်စည်းရုံးရေးပြုလုပ်နေရာ ၎င်းရေယာဉ်ကို သံတွဲမြို့နယ်တွင် ကမ်းကပ်မှု မပြုမလုပ်ရန် သံတွဲမြို့နယ် အာဏာပိုင်များမှ ANP ပါတီ မြို့နယ်တာဝန်ရှိသူများကို ခေါ်ယူ လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟု သတင်းရရှိသည်။

၎င်းရေယာဉ်အား  သံတွဲမြို့နယ်အတွင်းရှိ မြို့/ရပ်ကွက်/ကျေးရွာများသို့ ဆိုက်ကပ်ခြင်းမရှိစေရန် သံတွဲမြို့နယ် ANP ပါတီမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သံတွဲမြို့နယ် ANP ပါတီမှ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ကို ခေါ်ပြီး ဆွေးနွေးတယ်ပေါ့။ အဲဒီ ရေယာဉ်က သံတွဲကို ရောက်ရင် လူစုလူဝေးတွေဖြစ်ရင် ပြသနာတစ်စုံတစ်ရာဖြစ်မှာ စိုးလို့ သူတို့က ပြောတာပေါ့နော်။ ကျွန်တော်နဲ့ လွှတ်တော်အမတ်နှစ်ယောက်တို့က သူတို့ ခေါ်ယူညှိနှိုင်းတာကို ကြားက ပြောပေးဖို့အတွက် တာဝန်ယူပါတယ် ဆိုပြီး လက်မှတ်ထိုးခိုင်းတဲ့ သဘောပေါ့ ” ဟု ဦးမြင့်ဦးက နိရဥ္စရာသို့ ပြောသည်။
လက်မှတ်ရေးထိုးခဲ့ရသူ ၃ ဦးမှာ ANP ပါတီမှ သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဇော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရွှေကို(ခ) ဦးစိုးဝင်းနှင့် သံတွဲမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦးတို့ ဖြစ်ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးခဲ့ရသည့် စာစောင်တွင် “ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှပါ (၂၇) ဦးပါရှိသည့် ဇက်ရေယာဉ်သည် စစ်တွေမြို့မှ စတင်ထွက်ခွာလာကြောင်း သိရှိရသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပွားသော ဒေသမှ လာရောက်သည်ဖြစ်၍ သံတွဲမြို့နယ်ရှိ ပြည်သူများ ၄င်းတို့နှင့် ထိတွေ့မှုများရှိပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ရှိလာနိုင်သည်ဟု သုံးသပ်ရရှိပါသဖြင့် အဆိုပါ ဇက်ရေယာဉ်အား သံတွဲမြို့နယ်အတွင်းရှိ မြို့/ရပ်ကွက်/ကျေးရွာများသို့ ဆိုက်ကပ်ခြင်း မရှိစေရန်နှင့် လူစုလူဝေး မရှိစေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မရှိစေရန် ဇက်ရေယာဉ်ပေါ်မှ တာဝန်ရှိသူများအား ဆက်သွယ်အသိပေးသွားရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို အဆိုပါ အဖွဲ့အား အသိပေးဆောင်ရွက်သွားပါမည်” ဟု ရေးသားပါရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇက်ရေယာဉ်နှင့် မဲဆွယ်စည်းရုံးရေးလုပ်နေသည့် အထဲတွင်ပါသည့် ရသေ့တောငြ်မို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ကျွန်တော်တို့က ကမ်းကို မကပ်ဘူး။ ကမ်းကို မကပ်ဘဲ အဝေးက ဖျော်ဖြေမှာသာဖြစ်တယ်။ မြို့နယ်အာဏာပိုင်တွေရဲ့ သူတို့ရဲ့ ကိုဗစ်ကော်မတီရဲ့ စည်းမျဉ်းကို ကျွန်တော်တို့ မဖောက်ဘူး။ မဖောက်တဲ့အတွက် ကျွန်တော်တို့ ကမ်းကိုလည်း မကပ်ဘူး။ အဝေးကပဲ ဖျော်ဖြေမယ်။ နားထောင်ချင်လူရှိရင် နားထောင်ဆိုပြီး ကျွန်တော်တို့က ဖျော်ဖြေသွားမှာ။ လူလာရင်လည်း ဖျော်ဖြေမယ်၊ မလာရင်လည်း ဖျော်ဖြေမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

၄င်းတို့မှာ ယမန်နေ့ ညနေက ဂွမြို့ဆိပ်ကမ်းတွင် ဖြေဖျော်ခဲ့ပြီး ယနေ့ နေ့လယ်တွင်  ဂွမြို့နယ်၊ ကမ်းသာယာတွင် ANP အင်အားပြ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်လာသူများကို ဖျော်ဖြေခဲ့ပြီး၊ ယင်းဒေသမှ ဒေသခံ ခြောက်ထောင်ခန့်မှာ ကုန်းပေါ်မှ အားပေးဝန်းရံခဲ့ကြပြီး ယင်းနောက် နေ့လယ် ၂ နာရီခန့်က သံတွဲမြို့နယ်သို့ ထွက်ခွာလာကြပြီဖြစ်ကြောင်း ဦးသန်းနိုင်က ယနေ့ နေ့လယ် ၃ နာရီခွဲခန့်က ပြောသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေးသွားသည့် ဇက်ရေယာဉ်မှာ အောက်တိုဘာ ၂၅ ရက်နေ့က စစ်တွေမြို့မှ စတင်ထွက်ခွာကာ ရခိုင်ပြည်နယ် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ်တို့ထံ သွားရောက်ကာ ရခိုင်အမျိုးသားပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ