စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

သံတွဲမြို့နယ်တွင် ခိုင်မာသောမဲရှိ၍ NLD အတွက်စိုးရိမ်စရာမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ အောက်တိုဘာ၂၇/၂ဝ၂ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သံတွဲမြို့နယ်တွင် တစ်ခြားတိုင်းရင်းသားပါတီများ အားကောင်း လာသည်မှာ မှန်သော်လည်း NLD တွင် ခိုင်မာသော Solid မဲရှိ၍ စိုးရိမ်စရာ မရှိကြောင်း သံတွဲခရိုင် ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

“ NLD ပါတီအနေနဲ့ ပြောရမယ်ဆိုရင်တော့ NLD ပါတီမှာကတော့ သူမှာက ခိုင်မာတဲ့ Solid မဲပေါ့ဗျ။ Solid မဲက အပြည့်အဝရှိပြီးသားလေ။ တခြားတိုင်းရင်းသားပါတီတွေကလည်း များလာတယ်။ အဲဒီအထဲမှာ တသီးပုဂ္ဂလလည်းပါလာတယ်ဆိုတော့ မဲက ကွဲမှာပေါ့။ မဲကွဲတော့ NLD က နိုင်မှာပေါ့။ ကျွန်တော်လည်း မဲတစ်သောင်းကျော်နဲ့ နိုင်လာတာပေါ့။ မဲဆန္ဒရှင်  ၄ သောင်းလောက်ရှိတာမှာ အနည်းဆုံး နှစ်သောင်းကျော် လောက်ပေးမှာပေါ့။ အဲဒီအထဲမှာ တစ်သောင်းကျော်လောက်ရရင် နိုင်တာပါပဲ” ဟု ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့က သံတွဲမြို့တွင် ပြုလုပ်သည့် ရခိုင်အမျိုးသားပါတီ အင်အားပြမဲဆွယ်စည်းရုံးပွဲနှင့် ပတ်သက်ပြီး မေးမြန်းစဉ် သံတွဲမြို့နယ် NLD ၏ အနေအထားကို ခရိုင် ဥက္ကဋ္ဌ ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

၎င်းပြင်သူက “ ရခိုင်ပါတီက အင်အားပြတာတွေ့ရတယ်။ များတယ်၊ များတယ်။ ပြည်ခိုင်ဖြိုးလည်း များတယ်လို့ တွေ့ရတယ်ပေါ့နော်။ ဒါပေ့မယ် ဟိုဟာပေါ့လေ။ တစ်ခုရှိတာကတော့ ပြည်သူကသိနေတာပေါ့ဗျ။ ဘယ်ကို မဲပေးမယ်ဆိုတာကိုတော့။ တချို့ကျတော့လည်း ဘယ် ပါတီအင်္ကျီတွေဝတ်တယ်။  လိုက်ပေးတာပေါ့ဗျ” ဟု ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီ အင်အားပြမဲဆွယ်စည်းရုံးပွဲတွင် ဒေသခံပြည်သူ သောင်းနှင့်ချီပြီး ပူးပေါင်း ပါဝင်ခဲ့သဖြင့် သံတွဲတွင် NLD ပါတီ၏ စည်းရုံးရေး ကျဆင်းသွားသည့် အနေထားပါလားဟု ဆက်လက် မေးမြန်းရာ ၎င်းက ယခုလို ဖြေကြားသည်။

“ အရင်ကနှင့်စာရင်တော့ ပါတီရဲ့စည်းရုံးရေးအားကလည်း မညံ့ပါဘူး။ ပါတီမှာလည်း ရှိတာပေါ့နော်။ ဒါပေမယ့် ဟိုဟာပေါ့ တချို့က ပါတီရဲ့ မူဝါဒတွေကို မလိုက်နာတဲ့ မြို့နယ်တွေ ရှိတာပေါ့ဗျာ။ ပါတီရဲ့ မူဝါဒတွေကို မလိုက်ပဲနဲ့ လုပ်တဲ့ မြို့နယ်တွေမှာတော့ တချို့လဲ။ လင်းသာဆိုတော့ ကျနော်ရဲ့ မွေးရာဇာတိပေါ့။ အဲ လင်းသာမှာဆိုရင် NLD က တော်တော်များများဟာ *** ကို ပြောင်းသွားတာမျိုးလည်း တွေ့ရပါတယ်။ အဲဒါက တော့ သူယုံကြည်ချက်နဲ့သူ၊ သူ့ရပ်တည်ချက်နဲ့သူ ကျနော်တို့က ဒီလိုပဲ သတ်မှတ်ပါတယ်။ ဘယ်သူကတော့ ဘယ်ပါတီကို လွတ်လပ်စွာတွေးခေါ်ခွင့်ရှိတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်လည်း ပေးထားတာကို။  လွတ်လပ်စွာ ပြောင်းလဲ ခွင့်လည်း ပေးရမှာပေါ့။ လွတ်လပ်စွာခွဲခွာခွင့်လည်း ပေးထားတာကို။ ဒီလိုမျိုးတော့ ရှိတာပေါ့” ဟု ပြောကြားသည်။

သံတွဲမြို့နယ်တွင် NLD အတွက် မဲဆွယ်စည်းရုံးရေး အခက်အခဲများ ရှိပါသလားဟု မေးမြန်းရာ အခက်အခဲ တစ်စုံတစ်ရာ မရှိဟု ပြောကြားသည်။

“ ဒီမှာတော့ အခက်အခဲမရှိပါဘူး။ ထင်တာပေါ့နော်။ ကျနော်က ရွေးကောက်ပွဲ မဝင်တော့လေ။ ကိုယ်စားလှယ် လောင်းတွေနဲ့ မြို့နယ်ကတော့ ပိုသိမှာပေါ့ဗျ။ အခက်အခဲ ဖြစ်သံတော မကြားဘူးပေါနော်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ဝ၁၅ တို့လို ဟိုဟာပေါ။ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေ၊ ဘာတွေလည်း မလာဘူး။ လာတာလည်း မတွေ့ရပါဘူး။ ဘာပဲဖြစ်ဖြစ် အားလုံး အေအေးဆေးဆေးပါပဲ။ သူ့ပါတီ အလိုက်တော့ သူ့ဟာသူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေရှိတယ်ပေါ့နော်။ အားလုံး အေးအေးချမ်းချမ်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာမရှိပါဘူး။ အဲသလိုဘဲ တွေ့ရပါတယ်” ဟု ပြောကြားသည်။

သံတွဲခရိုင် NLD ဥက္ကဋ္ဌ ဦးဝင်းနိုင်သည် လက်ရှိ သံတွဲမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံမည် မဟုတ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ