Preview

ရသေ့တောင်မြို့နယ် အောင်သာစည်ရွာဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုများရှိ

အောက်တိုဘာ ၂၇/ ၂၀၂၀ | ကြည့်ရှုသူ :1404
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုလာ ၂၇/၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းနယ်မြေရှိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် အောင်သာစည်ကျေးရွာအနီးဝန်းကျင်ကို ယနေ့ ညနေ ၄ နာရီ ၂၀ ခန့်က ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့သည်ဟု  ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့တွင် လူမှုရေးလုပ်ငန်းများလုပ်နေသူ ကိုအောင်မင်းစိုးက “ ဂျက်လေယာဉ်ခေါ်မလားမသိဘူး။ အတော်မြန်တယ်။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ခဏအကြာ အောင်သာစည်ရွာဘက်မှာ မီးခိုးတွေတော့ ထွက်နေတယ်” ဟုပြောသည်။

၄င်း ဂျက်လေယာဉ်များ ပျံသန်းသွားပြီးနောက် ၎င်းရွာအနီးမှ ဂျက်လေယာဉ်ပေါ်မှ ပစ်သံများ ကြားရကြောင်း ကျောက်တန်းကျေးရွာမှ ရသေ့တောင်မြို့ပေါ်သို့ စစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်တာမဟုတ်ပဲ ဒီလိုလာပြီးပစ်တာ။ အခုပြောနေချိန်လည်းပစ်နေတာပါ။ ဂျက်လေယာဉ် သုံးစီးပျံသွားတာ တွေ့လိုက်ပါတယ်။ တစ်စီးကပစ်တယ်လို့ သိရပါတယ်။  အတော်မြန်တယ်။ လေယာဉ်ပျံသွားပြီးနောက် ရသေ့တောင်မြို့ပေါ်ကလည်း ပစ်နေတာပဲ။ အစ်မတို့လို လူငယ်တွေတောင် လက်နက်ကြီးပစ်ရင် လန့်တယ်။ မခံနိုင်ဘူး။ သက်ကြီးရွယ်အိုတွေဆို မလွယ်ဘူး ”ဟု ယနေ့ ညနေ ၅ နာရီခန့်က ဆက်သွယ်ရာ သူမကပြောသည်။

၄င်းဂျက်တိုက်လေယာဉ်မှာ မိနစ် ၃၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ အောင်သာစည်ကျေးရွာမှာ ရသေ့တောင်မြို့နှင့် ရ မိုင်ခန့်အကွာတွင်ရှိကြောင်း ၊အရပ်သားထိခိုက်မှု ရှိမရှိ တစ်စုံတစ်ရာမကြား၇သေးကြောင်း သူမက ဆက်ပြောသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း လေကြောင်းမှ တိုက်ခိုက်မှုများရှိခဲ့ကြောင်း အတည်ပြုပြောကြားသည်။

“ဟုတ်တယ်။ ဂျက်သုံးစီးနဲ့ လာတယ်။ တစ်စီးကပစ်တာလို့သိရတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူးလို့ သိရတယ်။ ရသေ့တောင်မြို့ပေါ်ကတော့ အောင်သာစည်ကို နေ့တိုင်းလိုလိုပစ်နေကျပါ။ အရပ်သား ထိခိုက် မှုတော့ မကြားပါဘူး။ အဲဒီအောင်သာစည်မှာ ရွာသားတွေမရှိပါဘူး” ဟုပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုဆက်သွယ် မေးမြန်း၍ မရရှိခဲ့ပါ။

အောက်တိုဘာ ၂၆ ရက် (ယမန်နေ့)ကလည်း ရသေ့တောင်မြို့နယ် အနောက်ပိုင်း စေတီပြင်အနီးရှိ အထက်နန်းရာ တောင်ကျော်လမ်းနှင့် မောင်တောမြို့နယ် ကျောက်ပန်းတူ အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိ၇သည်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး မေယုတောင်ခြေတွင် ယာယီစခန်းချထားသည့် တပ်မတော်တပ်စခန်း တစ်ခုနှင့် ရသေ့တောင်မြို့နယ် အထက်နန်းကျေးရွာအနီးက နယ်ခြားစောင့် စခန်းတစ်ခုကို AA မှ တိုက်ခိုက်ပြီး အာရ်ပီဂျီဖြင့် လာရောက်ပစ်ခတ်၍ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှု အနည်းရှိကြောင်း ဧရာ၀တီ သတင်းဌာနမှ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းပြီး သတင်းတင်ပြထားသည်။

(ဓာတ်ပုံ- ယခင်တိုက်ပွဲများအတွင်းကပင် လက်နက်ကြီးကျည်ထိမှန်ခဲ့၍ ပြိုပျက်သွားခဲ့သည့် အောင်သာစည် ဘုန်းတော်ကြီးကျောင်းကို တွေ့ရစဉ်။ ၎င်းရွာတွင် ရွာသားများအားလုံး ရွာကို စွန့်ခွာသွားခဲ့ကြသည်မှာ နှစ်နှင့် ချီပြီး ရှိနေသည်ဟု သိရှိရပါသည်။ မူရင်း ဓာတ်ပုံပိုင်ရှင်အား Credit ပေးပါသည်။)


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.