မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ အောက်တိုဘာ ၂၇ / ၂၀၂၀
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ဆေးရုံတွင် ကိုဗစ်လူနာတစ်ဦး ယနေ့ညနေပိုင်းကသေဆုံးသွား၍ ကိုဗစ်ကြောင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် သေဆုံးသူ ၁၇ ဦးအထိရှိလာနေပြီဖြစ်ကြောင်း သိ၇သည်။
ဘူးသီးတောင်ပြည်သူ့ဆေးရုံတွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းကသေဆုံးသွားသည့် ကိုဗစ်လူနာသည် ဘူးသီးတောင်မြို့ (၄)ရပ်ကွက်မှ အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသားဖြစ်သည်ဟု ၇ခိုင်ကိုဗစ် -၁၉ အန္တရာယ်စောင့်ကြည့်ရေးအဖွဲ့ (Rakine Covid 19 Watch) မှ အတွင်းရေးမှူး ကိုဇော်လှိုင်ထွန်းက ပြောသည်။
“ကျနော်တို့ သတင်းရတာကတော့ ညပိုင်းလောက်ကပါ။ သေတာလည်း ညပိုင်းကပဲ ထင်ပါတယ်။ သူကတော့ သွေးတိုးရောဂါ အခံရှိတယ်လို့ ပြောပါတယ်။ ဆရာဝန်ပြောတာကတော့ ဒီအချိန် ဒီအသက်အရွယ် ၅၃ နှစ်မှာတော့ တော်တော်များများ သွေးတိုး ရောဂါရှိကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခု သူက သွေးတိုးနဲ့သေတာတော့ မဟုတ်ဘူး။ အခု ဒီ ကိုဗစ်ကြောင့်သေတာလို့ ဆရာဝန်က ပြောပါတယ်။”ဟု သူက ပြောသည်။
ယခုလ ၂၅ ရက်နေ့တစ်နေ့တည်းတွင်လည်း မြောက်ဦးမြို့နယ် တန်းပျင်းကြီးကျေးရွာမှ အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး မြောက်ဦး ပြည်သူဆေးရုံတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသွားခဲ့သလို ပေါက်တောမြို့ဆေးရုံတွင်လည်း အသက် ၇၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါကြောင့် သေဆုံးသွားခဲ့သည်ဟု Rakine Covid 19 Watch မှ သိ၇သည်။
၇ခိုင်တွင် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ ကိုဗစ်ကြောင့်သေဆုံးသူ စစ်တွေဆေးရုံတွင် (၁၀)ဦး၊ စစ်တွေတပ်နယ်ဆေးရုံတွင် (၁) ဦး၊ မြောက်ဦးဆေးရုံတွင် (၂)ဦး၊ ကျောက်တော်ဆေးရုံတွင် (၁)ဦး၊ ပေါက်တောဆေးရုံတွင် (၂)ဦးနှင့် ဘူးသီးတောင်ဆေးရုံတွင် (၁)ဦး၊ စုစုပေါင်း ၁၇ ဦးရှိသွားပြီဖြစ်သည်။
စစ်တွေဆေးရုံတွင်သေဆုံးသွားသည့်လူနာ ၁၀ ဦးတွင် ကျောက်တော်မြို့နယ်မှ လွှဲပြောင်းလိုက်သည့် ကိုဗစ်လူနာ လေးဦးလည်း ပါဝင်သည်ဟု သိ၇သည်။
ယခုသေဆုံးသွားသူများတွင် အသက် ၂၀ ကျော်မှ ၈၀ ကျော်အထိပါဝင်ပြီး များသောအားဖြင့် ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် သွေးတိုးစသည့် ရောဂါအခံရှိသူများဖြစ်ကြသည်။