Preview

“ဂွမြို့ပေါ်နှင့် ဂွနယ်တစ်ခုလုံးမှာ အမျိုးသားရေးစိတ်ဓာတ်တွေလွှမ်းခြုံသွားပြီ”ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းဆို

အောက်တိုဘာ ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :2669
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၀

ရခိုင်ပြည်နယ် ဂွမြို့ပေါ်နှင့် ဂွမြိုနယ်တစ်နယ်လုံးတွင် “အမျိုးသားရေးစိတ်ဓာတ်တွေကတော့ လွှမ်းခြုံသွားပါပြီ” ဟု ၎င်းမြို့နယ်နှင့်သံတွဲမြို့နယ်တို့ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်မည့် တရားလွှတ်တော် ရှေ့နေ ဦးတင်ညိုက ပြောသည်။

အောက်တိုဘာ ၂၇ ရက်နေ့က လူပေါင်း သောင်းချီ ပါဝင်သော ဂွမြို့နယ် ရခိုင်အမျိုးသားပါတီ၏ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

“ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက် အစွန်ဆုံး ဖြစ်တဲ့ ဂွမြို့နယ်ကတော့ ဒီဒေသမှာရှိတဲ့ ရခိုင်သူ ရခိုင်သား တွေကလည်း ငါတို့ဟာ ရခိုင်ပြည်နယ်ထဲမှာနေတဲ့ ရခိုင်သားတွေပဲ။ ကိုယ့်အမျိုးသားပါတီ ရှိနေပြီ။ ကိုယ့်အမျိုးသားပါတီကို ဝိုင်းရံအားပေးရမယ်ဆိုတဲ့ အမြင်တွေကတော့ ရှိသွားခဲ့ပါပြီ။ ပြောရရင်တော့  ဂွမြို့ပေါ်မှာနဲ့ ဂွမြိုနယ်တစ်နယ်လုံးမှာတော့ ဒီအမျိုးသားရေး စိတ်ဓာတ်တွေကတော့ လွှမ်းခြုံသွားပါပြီ” ဟု ဦးတင်ညိုက ပြောဆိုသည်။  

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အခြေအနေနှင့် လက်ရှိ ဂွမြို့နယ်၏ အခြေအနေမှာ များစွာ ပြောင်းလဲသွားခဲ့ပြီဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ ANP ပါတီ ရဲ့ အနေအထားက ၂၀၁၅ ရွေးကောက်ပွဲကာလနဲ့ အခုကတော့ ဘာမှမဆိုင်တော့ဘူး။ အခုအချိန်မှာ ANP ပါတီကို အများကြီး အားပေးလက်ခံလာတဲ့ သဘောကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဒီ အရင်တုန်းက ဆိုရင်၊  ၂၀၁၅ တုန်းကဆိုရင် ရခိုင်အမျိုးသားပါတီရဲ့ အောင်နိုင်ရေး ပါတီတီရှပ် အင်္ကျီတွေကိုတောင် မဝတ်ရဲကြဘူးပေါ့နော်။ အခုကျတော့လည်း အင်္ကျီတွေကို အများကြီး လာလာပြီး တောင်းကြတယ်။ ဂုဏ်ယူဝင့်ကြွားစွာဝတ်လာကြတယ်။ မြို့ပေါ်တင်မက နယ်တွေကိုပါ ဖြန့်၇တယ်။ အဲဒီတောင်မှပဲ အကျီ အလုံးက ၃၀၀၀ ကျော် ၄၀၀၀ လောက်ကိုသာ ဖြန့်ဝေနိုင်ခဲ့တယ်။”

လက်ရှိ ဂွမြို့နယ်တွင် အကြိတ်အနယ် ပြိုင်ဆိုင်ရမည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖြစ်ပြီး ပြည်မပါတီကြီးများ၏ နောက်ဆုံးခံတပ်ဖြစ်သော ဂွမြို့နယ်ကို ပြိုလဲအောင် ဖြို၇မည်ဟု သူက ပြောဆိုသည်။

“ ANP က အခြေအနေက ကောင်းပါတယ်။ ကျနော်တို့နဲ့ ပြိုင်ဘက်က NLD ဘဲ။ ဂွမြို့နယ်က နောက်ဆုံး ခံတပ်ပါ။ ပြည်မက ပါတီကြီးတွေ အတွက်ကတော့ ဂွမြို့နယ်ဟာ နောက်ဆုံးခံတပ်ဘဲ။ ဒီခံတပ်ကို ပြိုသွားအောင် ခုလာမယ့် ရွေးကောက်ပွဲမှာ ဖြိုနိုင်၇မယ်။”

ရခိုင်ပြည်နယ်မှ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ဒေသအခြေစိုက် ရခိုင်နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတိုင်းတွင် တစ်ကြိမ်တစ်ခါမျှ အနိုင်မရရှိခဲ့သဖြင့် ဂွမြို့နယ်မှာ ပြည်မက ပါတီကြီးများအတွက် နောက်ဆုံးခံတပ်ဟု ဦးတင်ညိုက ခိုင်းနိုင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သော ရခိုင်အမျိုးသားပါတီ (ANP) ၏ အင်အားပြ မဲဆွယ်စည်းရုံးရေးသို့ ဒေသခံ ပြည်သူ တစ်သောင်းကျော် ပူးပေါင်းပါဝင်ခဲ့ခြင်းမှာ ဂွမြို့နယ်၏ သမိုင်းတစ်ခေတ်ဆန်းလာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။  

ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့က အင်အားပြ မဲဆွယ်စည်းရုံးပွဲနှင့် ပတ်သက်ပြီးလည်း သူက ယခုလို ပြောဆိုသည်။

“ ဂွမြို့နယ် မြောက်ပိုင်း မိုင် ၅၀ လောက်ကွာဝေးတဲ့ ဘိုကလေး၊ ရှောက်ကုန်းတို့ လူအင်အားစုပြီး မနက် ၆ နာရီမှာ စထွက်တယ်။ ကျိန္တလီမှာ မြို့ကို ပတ်တာပေါ့နော်။ ကျိန္တလီမှာ မနက် ၉ နာရီ  မြို့ကို ပတ်ပြီး တိုင်ကြိုးရွာမှာ  မနက်စာ ထမင်းထုပ်ဝေ၊ မနက်စာ ထမင်းထုပ် ဝေပြီး တိုင်ကြိုးကနေ ဒီဘက်ကို လာတဲ့ အခါကျတော့ ကမ်းသာယာမှာ ANP ဗဟိုအောင်နိုင်ရေးက ဇက်ရေယာဉ်ပေါ်ကနေပြီးတော့ အဆိုတော် ဦးမောင်သိန်း တို့ အဖွဲ့ကနေ သီဆိုဖြေဖျော်ပေးတယ်လေ။ ကမ်းသာယာကမ်းခြေမှာ ဂွမြို့နယ်မြောက်ပိုင်းက ပြည်သူတွေက ကမ်းခြေကနေ အားပေးကြတယ်။ ဇက်ပေါ်ကနေ အဆိုတော် ဦးမောင်သိန်းတို့ အဖွဲ့ကနေ ဖြေဖျော်ပေးတာပေါ့။ အဲဒီကနေ ပီးရင် ကျနော်တို့ လောင်းကျိုးရွာထဲကို ဝင်တယ်။ ပီးတော့ ကျနော်တို့ ဒီဘက်ကို လာရင် တဖြည်းဖြည်းနဲ့ ဂွမြို့ ပေါ်မှာ ပြည်သူတွေက စီတန်းလှည့်လည်ခဲ့တာပေါ့နော်။  ဂွမြို့ပေါ်ကို ၂ နာရီကျော်တွင် ရောက်ရှိပြီး  ရာအိမ်ကူးတို့ ကနေ ညနေ ၃ နာရီကျော်မှာ လူစုခွဲပြီး ကိုယ်ဌာနေကို ပြန်သွား ကြပါတယ်” ဟု ဦးတင်ညိုက  ပြောဆိုသွားခဲ့သည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.