Preview

မေယုမြစ်ထဲတွင်ပစ်ခတ်ခံရ၍ မီးလောင်ပြီး လူသေဆုံးမှုရှိနေသော မော်ဘုတ်မှာ ICRC မှ ကုန်ပစ္စည်းသယ်လာသောဘုတ်ဟု သတင်းဖြစ်ပေါ်နေ

အောက်တိုဘာ ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :8969
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၂၈/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်ထဲတွင် သေနတ်ပစ်ခတ်ခံရပြီး လူသေဆုံးမှုရှိကာ မီးလောင်နေသော မော်တော်ဘုတ်မှာ  ICRC မှ ကုန်ပစ္စည်းများကို အငှားသယ်ဆောင်လာသည့် မော်တော်ဘုတ် ဖြစ်ကြောင်း ဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။

၎င်းမော်တော်ဘုတ်မှာ မီးလောင်နေပြီး ဘုတ်ပေါ်ပါလာသူအနည်းဆုံးတစ်ဦး သေဆုံးမှုရှိကာ ၃ ယောက် ဒဏ်ရာ၇နေကြောင်း ဒေသခံမျက်မြင်များက ပြောကြားသည်။

လူမှုရေးလုပ်ငန်းများကူညီလုပ်ကိုင်ပေးနေသူ ကိုအောင်မင်းစိုးက “ကျွန်တော်တို့ ဒဏ်ရာရှိလူတွေကို စေတီပြင် ဆေးရုံကိုယူနေပါတယ်။ တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေနဲ့ပါ။ နာမည်တွေအသက်တွေကို မေးဖို့ အဆင် မပြေသေးပါဘူး။ သူတို့ဒဏ်ရာပြင်းပါတယ်။ ဘုတ်ပေါ်မှာ အလောင်းတစ်လောင်းတွေ့ပါတယ်” ဟုပြောသည်။

၎င်းမော်တော်ဘုတ်သည် စစ်တွေမှ ဘူးသီးတောင်သို့ ခုတ်မောင်းလာသော ဘုတ်ဖြစ်ပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ အရှေ့ဘက် ကံပြင်နှင့် ပြင်ဝန်း ကျေးရွာကြား မေယုမြစ်ထဲတွင် ယနေ့ မွန်းလွဲ ၁၂ နာရီကျော်က ပစ်ခတ်ခံ၇ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြင်ဝန်းကျေးရွာ ရွာလူကြီးတစ်ဦးက ၄င်းကိုယ်တိုင်း မီးလောင်၍ မျောပါနေသည့် စက်လှေပေါ်တွင် လူကယ်ရန် ရောက်ရှိနေသော်လည်း အလောင်းတစ်လောင်းကို မီးထဲတွင် တွေ့နေပြီး ကျန်တစ်ဦးကို မမြင် တွေ့သေးကြောင်း၊ ဆန်နှင့် ကုန်ပစ္စည်းများအား စက်လှေပေါ်မှ ပြောင်းရွှေ့နေကြ၇ကြောင်းပြောသည်။

“ ဆန်တွေ၊ ဆပ်ပြာမှုန့်တွေနဲ့လူသုံးကုန်ပစ္စည်းတွေအများကြီးပဲ။ ဘုတ်(စက်လှေ) ပိုင်ရှင်ကိုလည်း ဦးလေးတို့ မသိဘူး။ ဘုတ်ပေါ်မှာ မီးတအားလောင်နေတယ်။ အလောင်းတစ်လောင်းမြင်နေရတယ်။ ဦးလေးတို့ ယူဖို့ မဖြစ်နိုင်ဘူး။ သေနတ်ပစ်သံတွေကြားနေ၇တယ်” ဟုသူကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား ဆက်သွယ်ရာ ၎င်းက “နောက်ဆုံးသတင်းအရတော့ ကုန်တင်စက်လှေလို့သိရတယ်။ မီးလောင်နေတယ်။ ဒဏ်ရာရတဲ့သူတွေကို စေတီပြင်ဆေးရုံကိုသယ်နေကြတယ်” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေ ICRC ရုံးသို့ ဆက်သွယ်ရာ ၎င်းသတင်းကို ရရှိထားပြီး စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ နေ့လယ်ကလည်း ရသေ့တောင်မြို့နယ်  ကျောက်တန်းနယ်မြေ အောင်သာစည်ကျေးရွာ  အနီးအနား တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဂျက်လေယာဉ်များဖြင့် ဗုန်းကြဲမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

၎င်းဘုတ်မှာ ပုဂ္ဂလိကပိုင် ဖြစ်သော်လည်း ICRC ကုန်ပစ္စည်းများကို အခကြေးငွေယူဆောင်ပြီး သယ်ဆောင်ပို့နေသော ဘုတ်ဖြစ်ကြောင်း သိ၇သည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.