ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကျောက်တော်စစ်ရှောင်စခန်းမှ ကိုဗစ်ပိုးတွေ့သူ ၆ ဦး ဆေးရုံမှဆင်း၊ စခန်းအား Lockdown ချထားမှုကို ပြန်ရုပ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းမှ ကိုဗစ်ပိုးတွေ့ရှိသူ ၆ ဦးသည် ယနေ့ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း၊ စခန်းအား Lockdown ချထားမှုကို ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၆ ဦးသည် ရောဂါသာသက်သွားပြီဖြစ်၍ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျောက်တော်ဆေးရုံမှ ဆင်းခွင့်ရသွားပြီဟု ဆေးရုံဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက နိရဥ္စရာသို့ အတည်ပြုပြောသည်။

“ကျနော်တို့ ဒီ သာသနာ့ဗိမာန်က လူ ၂ဝ ကို ကျနော်တို့ စစ်ကြည့်လိုက်တယ်။ စစ်ကြည့်လိုက်တော့ အဲဒီမှာ ၆ ယောက် Positive ထွက်တယ်။ ၆ ယောက် Positive ထွက်တော့ ဆေးရုံတင် ကုသရတယ်။ အခု ပြန်သက်သာတဲ့ အတွက် ဒီနေ့ဆေးရုံက ဆင်းခွင့်ရသွားကြပြီ”ဟု သူက ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ပြောသည်။

ယနေ့ ၆ ဦးဆင်းသွားကြသူများမှာ သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းမှ ဖြစ်ကြသဖြင့် လက်ရှိတွင် ၎င်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်လူနာမရှိတော့၍ နှစ်ပတ်ကြာ Lockdown ချထားသည့် စခန်းကို ပြန်ဖွင့်ပေးလိုက်ပြီဟု သိရသည်။

၎င်းသာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းတွင် အောက်တိုဘာလ ၁၄ ရက်နေ့က အသက် ၈ဝ ကျော်အဘွားတစ်ဦးထံ၌ ကိုဗစ်ပိုး စတွေ့ခဲ့ခြင်းဖြစ်ပြီးနောက် နောက်ထပ် ၆ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် အဆိုပါစခန်းရှိ စစ်ဘေးရှောင် ၂ဝ ဦးနှင့် COC ဟုခေါ်သော ခရစ်ယန်သာသနာ့ပြုကျောင်းမှ မြိုလူမျိုး စစ်ဘေးရှောင် ၅ဝ ဦး၊ စုစုပေါင်း စစ်ဘေးရှောင် ၇ဝ ဦးအား ပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းတစ်ခုတည်းမှ ၆ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်း ၆ ဦးအနက် ပိုးစတွေ့ခဲ့သည့်အဘွား၏ သားဖြစ်သူလည်း ပါဝင်သည်ဟု သိရသည်။

ယင်းကဲ့သို့ ကိုဗစ်ပိုးတွေ့ပြီးနောက် လူဦးရေ ၂ဝဝ ခန့်ရှိသည့် သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းနှင့် လူဦးရေ ၄၅ဝ ခန့်ရှိသည့် COC စခန်းနှစ်ခုကို ၁၄ ရက်အကြာ Lockdown ချထားခဲ့ရသည်။
ယနေ့တွင် ၁၄ ရက်ပြည့်မြောက်သွားပြီဖြစ်သလို ရောဂါနှင့်ပတ်သက်ပြီး စခန်းထဲတွင် ထူးခြားမှုမရှိ၍ ထိုစခန်းနှစ်ခုအား Lockdown ချထားမှုကို ယနေ့ ရုပ်သိမ်းလိုက်ပြီဟုလည်း ကျောက်တော်မြို့ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ထွန်းခင်က ပြောသည်။

လက်ရှိ ကျောက်တော်ဆေးရုံတွင် ကိုဗစ်လူနာ ၁၇ ဦးရှိသည့်အနက် ယနေက စစ်ဘေးရှောင် စခန်းမှ ၆ ဦးဆင်းခွင့်ရသွားသဖြင့်  ၁၁ ဦးကျန်ရှိသေးသည်ဟုလည်း ဒေါက်တာသန်းထွန်းဦးက ပြောဆိုသည်။

သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းတွင် ပိုးတွေ့ပြီးနောက် မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း တာဝန်ခံ ၉ ဦးနှင့် ပြင်ပမှ လာရောက်ကူညီပေးနေသူ ၂ ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သေးသည်ဟုလည်း ဆိုသည်။

“ကျနော်တို့လည်း Positive တွေ့လို့ ဆေးရုံတက်ရတယ်။ အခု ပိုး မတွေ့တော့လို့ ဆေးရုံက ဆင်းပြီး အိမ်မှာ တစ်ပတ်နေကာ အခု အပြင်ထွက်ရတာ တစ်ပဲလောက်ပဲရှိသေးတယ်”ဟု ဦးမောင်ထွန်းခင်က နိရဥ္စရာကိုပြောသည်။

သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့သည့် သက်ကြီးအဘွားသည် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သော်လည်း ရောဂါသက်သာလာပြီဟု သိရသည်။
ကျောက်တော်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၁ဝ ကျော်ရှိပြီး လူဦးရေ ၇ ထောင်ကျော်ရှိသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ကျောက်တော်သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းအား ၂ဝ၂ဝ ပြည့်နှစ်၊ မေလ ၁ဝ ရက်နေ့က တွေ့ရစဉ်။

ဆက်စပ် သတင်းများ