မင်းပြားဆေးရုံတွင် ပထမဆုံးကိုဗစ်အတည်ပြုလူနာတစ်ဦးသေဆုံး၊ ရခိုင်တွင်သေဆုံးသူ ၁၉ဦးရှိပြီ


အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးမှာ ယနေ့ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မင်းပြားမြို့၊ စျေးဟောင်းပို်င်းရပ်ကွက်မှာ အသက် ၈၆ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်သည်။

မင်းပြားမြို့သွေးလှူရှင်အသင်းဥက္ကဋ္ဌ ကိုကျော်စိုးဝင်းက “သေတဲ့လူနာနဲ့လည်း ဆွေမျိုးမကင်းဘူး။ နေမကောင်းဘူး ဆိုပြီး ဆေးရုံတက်တယ်လို့ ကြားလိုက်တယ်။ ဒီနေ့မနက်သေဆုံးသွားတဲ့အတွက် သင်္ဂြိုလ်လိုက်ကြပါပြီ။ ကိုဗစ်လူနာလို့အတည်ပြုတယ်လို့သိရတယ်” ဟုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ ည ၁၁ နာရီခန့်က ဆေးရုံသို့ရောက်ရှိလာသဖြင့် စစ်ဆေးရာ ကိုဗစ်လူနာ ဖြစ်နေကြောင်းသိရပြီး  ယနေ့နံက် ၅ နာရီကျော်က သေဆုံးသွားကြောင်း သိရသည်။

ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့အတွင်းရေးမှူး ကိုဇော်လှိုင်ထွန်းကလည်း မင်းပြားဆေးရုံတွင် ကိုဗစ်အတည်ပြုလုပ်နာတစ်ဦး သေဆုံးကြောင်း အတည်ပြုပြောသည်။

“အစ်ကိုတို့မင်းပြားဆေးရုံက အတည်ပြုချက်ရပါတယ်။ သေတဲ့လူက ကိုဗစ်အတည်ပြုလူနာပါ။ ရခိုင်ပြည်နယ်မှာ ဒီလူနာအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၉ ယောက်သေဆုံးပြီဖြစ်တယ်” ဟုပြောသည်။
သေဆုံးသူအား ယနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်တွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ဆေးရုံအုပ်အား အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် စစ်တွေဆေးရုံတွင် ၁ဝ ဦး၊ စစ်တွေတပ်နယ် ကုတင် ၁ဝဝ ဆေးရုံတွင် ၁ ဦး၊ မြောက်ဦးတွင် ၂ ဦး၊ မင်းပြားတွင် ၁ ဦး၊  ပေါက်တောတွင် ၂ ဦး၊ ကျောက်တော်တွင် ၁ ဦး၊ ဘူးသီးတောင် ၁ ဦးနှင့်ကျောက်ဖြူမြို့နယ်တွင် ၁ ဦး၊ စုစုပေါင်း ၁၉ ဦးသေဆုံးပြီဖြစ်သည်။

Share: