မောင်တောတွင် ရောဂါအခံရှိ ကိုဗစ်အတည်ပြုလူနာသက်ကြီးတစ်ဦးသေဆုံး၊ ၄ ရက်အတွင်း ရခိုင်၌ကိုဗစ်လူနာသုံးဦးသေဆုံး


အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၄/ ၂ဝ၂ဝ

မောင်တောမြို့ဆေးရုံကြီးတွင် ယနေ့နံနက် ၈ နာရီ ၁ဝ မိနစ်က ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး သွားခဲ့ပြီး နိုဝင်ဘာလ ပထမ ၄ ရက်အတွင်း သေဆုံးသူ ၃ ဦးရှိသွားခဲ့ပြီဟု သတင်းရရှိသည်။

သေဆုံးသူမှာ မောင်တောမြို့ အလယ်ရွာမှ လေဖြတ်ရောဂါဝေဒနာခံစားနေရသူ အသက်(၇၆)နှစ် အရွယ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း မောင်တောခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာနုကေသီဇံက နိရဥ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

“ လူနာက လေဖြတ်နေတာပါ။ မနေ့က ညကိုးနာရီလောက်မှာ ဆေးရုံတတ်လာတယ်။ ကိုဗစ်ရောဂါပိုး တွေ့ရှိတဲ့ အတွက် အတည်ပြုလူနာပါ။ ဒီနေ့ မနက်ကသေဆုံးလို့ သင်္ဂြိုလ်လိုက်ပါပြီ” ဟု သူမက ပြောသည်။

ကိုဗစ်အတည်ပြုလူနာများထဲမှ နိုဝင်ဘာလ ပထမအပတ် လေးရက်အတွင်းတွင် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင်လည်း ကျောက်ဖြူဆေးရုံကြီးမှ အသက်(၅ဝ)လူနာအမှတ် ၃၈၄ဝ၃ မှာ သေဆုံးခဲ့ပြီး၊ ယမန်နေ့ နံနက်က မင်းပြားဆေးရုံတွင် အသက်(၈၆)နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ယနေ့နံနက်တွင် မောင်တောတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ရခိုင်၌ ကိုဗစ်အတည်ပြု လူနာ သေဆုံးသူ စုစုပေါင်းမှာ ၂ဝ ဦးခန့်ရှိလာပြီဖြစ်သည်။

၄င်းမှာ စစ်တွေဆေးရုံတွင် ၁ဝ ဦး၊ စစ်တွေတပ်နယ် ကုတင် ၁ဝဝ ဆေးရုံတွင် ၁ ဦး၊ မြောက်ဦးတွင် ၂ ဦး၊ မင်းပြားတွင် ၁ ဦး၊  ပေါက်တောတွင် ၂ ဦး၊ ကျောက်တော်တွင် ၁ ဦး၊မောင်တောတွင် ၁ဦး၊ ဘူးသီးတောင် ၁ ဦးနှင့်ကျောက်ဖြူမြို့နယ်တွင် ၁ ဦး၊ စုစုပေါင်း ၂ဝ ဦးသေဆုံးပြီးဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂ ရက်နေ့အထိ စုစုပေါင်းအတည်ပြုလူနာ ၂၈၆၃ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၅၄၃ ဦးထိရှိကြောင်း ရခိုင်ကိုဗစ်၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

Share: