သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဖမ်းဆီးစစ်ဆေးမှုများကြောင့် ရွာသား ၅ဝဝ ခန့် ကျောက်ဖြူသို့ ထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၅/၂ဝ၂ဝ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကျေးရွာတချို့အား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် စစ်ဆေးမှုများရှိနေသဖြင့် အနည်ဆုံး ကျေးရွာ ၅ ရွာမှ လူပေါင်း ၅ဝဝ ခန့်သည် ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးရောက်ရှိလာကြသည်ဟု သတင်းရရှိသည်။

အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီ အချိန်ထိ ကုလာဘာအထက်တန်းကျောင်းတွင် ၁၁ဝ၊ မြို့နယ် အရဟိတကျောင်းတွင် ၃၂ဝ၊ မူလာရာမကျောင်းတွင် ၁၈ ဦး၊ သိမ်တောင်ကျောင်းတွင် ၂၈ ဦးနှင့် ဂုံးရှိန် ဘုန်းတော်ကြီးကျောင်းတွင် ၃၁ ဦးရှိကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

“ အခု ထွက်ပြေးလာတာက ဇိုင်းချောင်း၊ သိုင်းချောင်း၊ ပြားကျွိန်၊ သပြုတောင်၊ ချောင်းဖျားစတဲ့ ကျေးရွာတွေက ဖြစ်ကြပါတယ်။ ရွာတွေမှာ စစ်ကြောင်းတွေက ဝင်ရောက် ဖမ်းဆီးစစ်ဆေးနေတာရှိတော့ ကြောက်ပြီးထွက်ပြေးကြတာ။ အခု ၅ဝဝ လောက်ရောက်နေပါပြီ” ဟု ၎င်းက ပြောသည်။

၎င်းအပြင် ကျေးရွာသားများ ဆက်လက်ထွက်ပြေးလာနေကြသည်ဟု သတင်းရကြောင်း၊ နောက်ထပ် ဆင်ပုတ်ကျေးရွာမှ လူပေါင်း ၃ဝဝ ခန့်နှင့် ကြက်တိန်မှ ၇ဝ ခန့် ထွက်ပြေးလာ၍ ကားများဖြင့် လူမှုရေး အဖွဲ့အစည်းများမှ သွားသယ်ယူနေကြောင်း ၎င်းက ပြောကြားသည်။

ကျောက်ဖြူမြို့ပေါ်မှ လူမှုရေး လုပ်ဆောင်နေသူ ကိုထွန်းထွန်းနိုင်က “ ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အခြေအနေတစ်ခုကြောင့် ထွက်ပြေးလာကြတယ်။ သိုင်းချောင်း၊ ဇိုင်ချောင်း အပါအဝင် ရွာတွေက လူတွေ ထွက်ပြေးလာကြတာ။ မြို့ပေါ်မှာ သက်သက် ၃ဝဝ နီးပါးရှိနေပြီ” ဟု ပြောကြားသည်။

ထွက်ပြေးလာကြသူများကို ကျောက်ဖြူမြို့ပေါ် အပါအဝင် နေရာ ၅ ခုတွင် ခွဲပြီး နေရာချပေးထားသည်ဟု ဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ ကောလာဟလ သတင်းဖြစ်နေတာက တပ်က အရာရှိ နှစ်ယောက် အေအေက ဖမ်းသွားတယ်ဆိုပြီး သတင်းဖြစ်နေတယ်။ ကျနော်က အတည်ပြုနိုင်တာတော့ မဟုတ်ဘူး။ ဒီအတွက် တပ်မတော်စစ်ကြောင်းတွေက ရွာတွေကလူတွေကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်တယ်လို့ ကျနော်ကသုံးသပ်တယ်။ ကျနော် တစ်ယောက်တည်းသုံးသပ်ချက်ပေါ့။ ဇိုင်ချောင်းရွာမှာ လူပေါင်း ၆ဝ လောက်ကို စာသင်ကျောင်းမှာ စုထားပြီး စစ်ဆေးနေတယ်လို့ အစပိုင်းကြားရတယ်။ အခုက ၆ဝ တောင်မကဘူး။ ရှစ်ဆယ်၊ ကိုးဆယ်လောက်တောင်ရှိတယ်လို့ကြားရတယ်။ ဒီနေ့ထိ မလွတ်သေးဘူး။ ကလေးတွေ၊ မိန်းမတွေ၊ သက်ကြီး ရွယ်အို၊ လူပေါင်းစုံ ပါတယ်လို့ ပြောတာပါပဲ” ဟု ပြောဆိုသည်။

ဇိုင်ချောင်းရွာမှ ရွာသားများကို နိုဝင်ဘာ ၂ ရက်နေ့မှ စပြီး စာသင်ကျောင်းတွင် ခေါ်ယူပြီး ပြင်ထွက်ခွင့် မပေးပဲ စစ်ဆေးနေကြောင်း၊ ၄ ရက်မြောက်နေပြီ ဖြစ်သော်လည်း ပြန်မလွှတ်လာ၍ စိုးရိမ်ကြောင်း၊ ရွာသားအချို့လည်း ပျောက်ဆုံးနေသည်ဟု သိရကြောင်း ဇိုင်ချောင်း ကျေးရွာသားများက ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေအတွင်း ကောလာဟလ သတင်းများ ပျံ့နှံ့နေပြီး တပ်မတော်ဘက်ကမူ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

( ဓာတ်ပုံ- မူရင်းပိုင်ရှင်)

ဆက်စပ် သတင်းများ