စနေ၊ မေလ ၄ရက်၊ ၂၀၂၄

၁ဝ ရက်ကြာ ပင်လယ်ထဲစက်လှေနှင့်အတူမျောပါနေခဲ့သည့် မာန်အောင်မြို့နယ်မှ ရေလုပ်သား၅ဦးကို ပေါက်တောမြို့နယ်တွင်ကယ်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၆ /၂ဝ၂ဝ

ငါးဖမ်းစက်လှေပျက်ပြီး ပင်လယ်ထဲတွင် ၁ဝ ရက်ခန့် မျောပါနေသော မာန်အောင်မြို့နယ်မှ ရေလုပ်သား ၅ ဦးကို ပေါက်တောမြို့နယ်တွင် ငါးဖမ်းစက်လှေ တစ်စီးက ယနေ့နံနက်က ကယ်တင်နိုင်ခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းရေလုပ်သား ၅ ဦးမှာ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာမှ ဦးမောင်မောင်လတ်(၄ဝ)နှစ်၊ မောင်မောင်ရင်(၃ဝ) နှစ်၊ ဦးင/ထောင်(၅၁)နှစ်၊ ဦးညီညီ(၄၂)နှစ်နှင့် ဦးငထီး(၄ဝ)နှစ်ဖြစ်သည်။

၎င်း ရေလုပ်သား ၅ ဦးသည်  အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်က စက်လှေပျက်ပြီး ပင်လယ်ထဲတွင် ၁ဝ ရက်ကြာ မျောပါနေပြီးနောက် ယနေ့ နံနက်  ၉ နာရီခန့်က ပေါက်တောမြို့နယ် သပြုချိုင်ကျေးရွာမှ ငါးဖမ်းစက်လှေ တစ်စီးကတွေ့ရှိခဲ့ကာ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း စက်လှေပိုင်ရှင်လည်းဖြစ် မျောပါရာတွင် စက်လှေနှင့် အတူပါသွားခဲ့သည့် ဦးမောင်မောင်လတ်က နိရဥ္စရာသတင်းဌာနအားပြောသည်။

”ကျွန်တော်တို့ စက်လှေမျောနေတဲ့ချိန် မုန်တိုင်းထပ်မိခဲ့တယ်။ အဲဒီကနေ မျောပါ လာတာ။ လှေပေါ်မှာ ငါးတွေကင်စားခဲ့ရတယ်။ ဆံတော်ရှင်ကျွန်းအလွန်က ဓာတ်ငွေ့လား၊ ရေနံလားမသိဘူး၊ တူးနေတဲ့နေရာနားကို ကပ်ခဲ့သေးတယ်။ ကျွန်တော်တို့စက်လှေကနေ အော်ပြီးလက်ကာပြကြတယ်။ သူတို့တစ်ယောက်မှ ရောက် မလာဘူး။ နောက်ထပ် လေးရက် ဆက်မျောပါတယ်။ နောက်မှ ပေါက်တောမြို့နယ် သပြုချိုင်ဆိုတဲ့ရွာက စက်လှေက ကျွန်တော်တို့ကို ကယ်တင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

၄င်းတို့အား သပြုချိုင်ကျေးရွာသို့ ခေါ်ယူလာခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြရ၍ အထူး ဝမ်းသာကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့စက်လှေမှာ စက်လည်းပျက်သွားပြီ။  စက်တွေလည်းအပျက်၊ စက်ပန်ကာလည်း ပျက်သွားတဲ့ အတွက် ဘယ်လိုပြန်ရပါမလဲ။ ပြန်ဖို့အတွက် အတော်ခက်ခဲမယ် ထင်ပါတယ်။ သက်ဆိုင်ရာက ကူညီပေးကြဖို့ မျှော်လင့်ပါတယ်” ဟုသူကဆက်ပြောသည်။

မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင် စက်လှေ၏ မီးစက်၊ဘထ္ထရီပျက်ခဲ့ရာမှ စက်လှေမှ စက်ကိုနိုး၍ မရတော့ကြောင်း သူက ပြောသည်။

အဆိုပါ စက်လှေအား ကယ်ဆယ်ခဲ့သူ သပြုချိုင်ကျေးရွာမှ ကိုမောင်သန်းဝင်းက “ ကျွန်တော်တို့ ဆံတော်ရှင်နဲ့ သပြုချိုင်ကြားက တစ်နာရီလောက် မောင်းရင်ရောက်တဲ့ နေရာမှ တွေ့တာပါ။ လက်ပြခေါ်နေခဲ့ကြတဲ့အတွက် သွားကပ်ရာမှာ အခုလိုကယ်ခဲ့တာပါ။ ထမင်းလည်း မစားခဲ့ရရှာဘူး၊ သူတို့ခမျာ။ ကျွန်တော်တို့ သူတို့ စက်လှေကိုလည်း ရွာကို ဆွဲလာပါပြီ။ သူတို့ခမျာသနားစရာအတော်ကောင်းပါတယ်ဗျာ” ဟု ပြောသည်။

၄င်းရေလုပ်သား ၅ ဦးအား သပြုချိုင်ကျေးရွာမှ ရွာသူရွာသားများက ဝိုင်းဝန်းပြုစု စောင့်ရှောက် ပေးနေကြကြောင်း၊ တတ်နိုင်ပါက ၄င်းတို့ အိမ်ပြန်နိုင်ရေးအတွက်  အကူအညီများ ဝိုင်းဝန်း ပေးကြစေလိုကြောင်း ကိုမောင်သန်းဝင်း ကဆက် ပြောသည်။

ဆက်စပ် သတင်းများ