မြတ်နှင်းခင်
နိရဥ္စရာ၊ နိုဝင်ဘာ ၇/၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးကြီးရှိ ပျံကျ ဈေးတန်းအား ကိုးရီးယားမြေနေရာတွင် အသစ် ဆောက်လုပ်နေသည့် ဆိုင်တန်းတွင် အစားထိုးနေရာချပေးသွားမည်ဖြစ်သော်လည်း ဆိုင်ခန်းခ တန်ဖိုးမှာ ဈေးကြီးနေ၍ မတတ်နိုင်ဘဲ ဖြစ်နေကြောင်း ပျံကျဈေးသည်များက ပြောဆိုသည်။
ကိုးရီးယားမြေနေရာတွင် အဆင့်မြင့်ဆောက်လုပ်လျက်ရှိသော ဈေးဆိုင်တန်းတွင် ဆိုင်ခန်းတစ်ခန်း အကျယ် (၅'×၆') နေရာတစ်ခုစီတွင် ရောင်းချနိုင်ရန် ဆိုင်ခန်းလျှောက်လွှာများကို ထုတ်ပေးနေပြီ ဖြစ်ရာ ဆိုင်ခန်း တစ်ခန်းကို ကျပ်သိန်း ၂၀ ဖြင့် ရောင်းချသွားမည်ဟု သိ၇သည်။
အဆိုပါ ဆိုင်ခန်းများကို လျှောက်ရာတွင် လက်ရှိဟင်းသီးဟင်းရွက်ပျံကျရောင်းချသူများ၊ ဈေးဟောင်း အတွင်းမှအထည်နှင့် အခြားပျံကျရောင်းချသူများအား ဦးစားပေး၍ ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြော်ငြာစာအမှတ်( ၀၀၉/၂၀၂၀)၊စာအမှတ်၊ ၁၈၃၃/တ-တ၃/စတ-စတ၁(၀၀၁)ဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
၎င်းကြော်ငြာစာရွက်တွင် ပျံကျဈေးရုံများနှင့် ဆိုင်ခန်းများအားလုံးဆောက်လုပ်ပြီးပါက လက်ရှိ ပျံကျရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းနှင့် မြို့မဈေးတွင်းရှိအထည်တန်းနှင့် အခြား ပျံကျရောင်းကုန် ရောင်းချသူအားလုံးများ ရွေ့ပြောင်းရမည်ဖြစ်ပြီး၊ လက်ရှိ ပျံကျရောင်းချနေသော နေရာများ၌ မည်သူတစ်ဦးတစ်ယောက်မှ ဆက်လက်ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း၊ အကယ်၍ ပျံကျဈေးရောင်းချသူများမှ ဆိုင်ခန်းအသစ်များအား ဝယ်ယူခြင်းမရှိပါက ပြင်ပမှ အမှန်တကယ် ဈေးရောင်းချမည့်သူများအား ဦးစားပေးအလိုက်စဉ်းစားရောင်းချသွားမည်ဖြစ်၍ လက်ရှိပျံကျ ရောင်းချ နေသူများမှ ဦးစားပေးရောင်းချစဉ် သတ်မှတ်ရက်အတွင်း ဆိုင်ခန်းတစ်ခန်း တန်ကြေး ကျပ်သိန်း(၂၀) အနက်၊ ပထမအရစ် ၅၀% (၁၀)သိန်းကျပ် ပေးသွင်း၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ သတ်မှတ် ကာလကျော်လွန်ပါက ဆိုင်ခန်းရရှိရေး တာဝန်မယူနိုင်ကြောင်း၊ နေ့စဉ်ရောင်းချခြင်းမရှိသော ယာယီ ပျံကျများအတွက် သီးသန့်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ ဈေးဆိုင်ခန်းနှင့်ပတ်သက်၍ ပျံကျဈေးတန်းတွင် ဟင်းသီးဟင်းရွက်ရောင်းချနေသူ ဒေါ်ဦးကျော့စိန်က"ကျမတို့ ဒီနေရာမှာရောင်းစားလာတာ နှစ်ပေါင်း ၃၀နီးပါးရှိပြီ။ အဲဒီတုန်းက ရွှေတစ်ကျပ်ကို ၅သောင်းခေတ်။ ၅သောင်းခေတ်တုန်းက ကျပ် ၂သိန်းပေးပြီး ဒီနေရာလေးကို ဝယ်ထားရတာ။ ခုံတစ်နေရာကို စည်ပင်က ၃ ပေ ကျစီသတ်မှတ်ထားတယ်။ အဲဒီကတည်းက ရောင်းလာတာ အခုအချိန်ထိ။ လက်ရှိဆိုင်ခန်းကိုလည်းထားခဲ့ရမယ်။ ပြီးတော့ ကိုရီးယားမြေဖို့ နေရာက ဆိုင်ခန်းတစ်ခန်းကို သိန်း ၁၀၊ ၂၀ပေးပြီး ဝယ်ဖို့ဆိုတာ အခု ကိုဗစ်ကာလမှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘယ်က ရမလဲ။ကျမတို့ ထမင်းစားဖို့တောင် အနိုင်နိုင်ရှာနေရတာမှာ။ ဒီနေရာအတွက် နစ်နာကြေးလည်းမရဘူး။ ဟိုနေရာကို သိန်း၂၀ပေးပြီး မဝယ်နိုင်ရင်လည်း တခြားသူကို ရောင်း လိုက်တော့မှာ ဆိုတော့ ဆိုင်ခန်း ဆုံးရှုံးရမလိုဖြစ်နေပါပြီ။ အစိုး၇အနေနဲ့ ဒါကို ပြေပြေလည်လည် စာနာထောက်ထားပြီးတော့ ပထမ ငွေ၁၀သိန်းသွင်း၇မှာကို အချိန်နောက်ဆုတ်ပေးစေချင်ပါတယ်။ ကိုဗစ်ကာလဆိုတော့ ငွေ၁၀သိန်း ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ တစ်လ တစ်သိန်း အရစ်ကျ လုပ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့"ဟု ပြောသည်။
ယခုချိန် ကိုဗစ်ကာလတွင် ဆိုင်ခန်းလျှောက်ရန် ငွေ၁၀သိန်း မတတ်နိုင်သေးကြောင်း၊ ဆိုင်ခန်းတန်ဖိုး သိန်း၂၀မှာ ဈေးမြင့်ကြောင်း၊ ကိုဗစ်ကာလ လွန်မှ ဆိုင်ခန်းများကိုရောင်းပေးစေချင်ကြောင်း ပျံကျ ဈေးတန်းတွင် ကုန်ခြောက်ရောင်းချနေသူ ဦးဇော်သိန်းက ပြောသည်။
"သူတို့က လျှောက်လွှာတွေကို ၁၁လပိုင်း၊ ၁၀ရက်နေ့ နောက်ဆုံးထားပြီးတင်ရမယ်လို့ ပြောတယ်။ လျှောက်လွှာတင်တဲ့အခါ ပထမအရစ်က ၁၀သိန်းသွင်းရမယ်လို့ပြောတယ်။ ဒုတိယ အရစ်က ဘယ်အချိန်သွင်းရမယ်လို့ သူတို့ ကန့်သန့်ချက်ကမပါဘူး။ ဒီနေရာကိုလည်း စွန့်ခဲ့၇မယ်။ ဟိုမှာလည်း သိန်း၂၀သွင်းရမယ်ဆိုတော့ အခုလို ကိုဗစ်ကာလမှာ။ ဈေးသည် ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်း လောက်က အရောင်းအချ အဆင်မပြေကြဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေဖြစ်တယ်။ တချို့ဆို ချေးငွေတွေ ယူပြီးတော့ ရောင်းနေကြတာ။ အဲတာကြောင့် ကျနော်တို့က တတ်နိုင်လို့ရှိရင် ကိုဗစ်ကာလလွန်မှ အေးဆေးရောင်းပေးစေချင်တယ်။ ဆိုင်ခန်းတန်ဖိုးကိုလည်း နည်းနည်း လျော့ချ ပေးစေချင်တယ်။ သိန်း၂၀ဆိုတာက အင်မတန်မှ မြင့်နေတယ် ဆိုင်ခန်းက။ ဈေးသူ၊ ဈေးသား တွေအနေနဲ့ ဝယ်ဖို့ တော်တော် အခက်အခဲရှိတယ်"ဟု ၎င်းကပြောသည်။
ဆိုင်ခန်းများကို ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်ကာလွန်မြောက်ပြီး ဈေးပုံမှန်ရောင်းချရသည့်အချိန်မှသာ ရောင်းချပေးနိုင်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ပျံကျ ဈေးသည် ၂၂၅ ဦးက လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအား အသနားခံစာ တင်ထားကြောင်း သိ၇သည်။
"အခုအချိန်က ဈေးက တစ်ပိုင်းလောက်ပဲ ရောင်းရတဲ့အချိန်ဖြစ်တယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် အရောင်းအချ မကောင်းဘူး။ ဈေးကိုလည်း လူမလာ။ သူတို့က ၁၁နာရီထိုးရင် ဈေးတံခါးပိတ်လိုက်ပြီ။ တစ်ရက်လုံးရောင်းရတဲ့အချိန်မဟုတ်ဘူး။ အဲတာကြောင့် ကျနော်တို့က ကိုဗစ်ကာလ လွန်မြောက်တဲ့ အချိန်မှ ဆိုင်ခန်းခတွေသွင်းနိုင်မယ်ဆိုတာ အသနားခံစာတင်ပြထားတယ်။ ဝန်ကြီးချုပ်ဆီကို၊ ပြီးတော့ စည်ပင်ဝန်ကြီး၊ မြို့နယ်စည်ပင် ဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖ ကော်မတီ၊ မြို့မဈေးကြီးကော်မတီ စတဲ့ သူတို့တွေကိုလည်း စာကမ်းထားတယ်" ဟု ဦးဇော်သိန်းက ဆက်လက် ပြောကြားသည်။
အဆိုပါဈေးဆိုင်ခန်းအတွက် ကျသင့်သည့် ငွေကျပ်သိန်း ၂၀တွင် ပထမအကြိမ် အရစ်ကျ ပေးသွင်း ၇မည့် ငွေ၁၀သိန်းကို နိုဝင်ဘာလ ၁၀ရက်နေ့မတိုင်ခင် ပေးသွင်းရမည်ဖြစ်သော်လည်း ဈေးသူ ဈေးသားများက မပေးသွင်းနိုင်သေးကြောင်း၊ အသနားခံစာ တင်ထားသည့်ကိစ္စအပါအဝင် လျှောက်လွှာတင်သွင်းရမည့် ရက်ကိုလည်း နောက်ဆုတ်ပေးရန် အစီစဉ် ရှိ/ မရှိကို စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်မိုးကို နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ၎င်းက ယခုလို ပြောဆိုသည်။
"ဆောက်လုပ်ရေး လုပ်ငန်းတွေက ၄၀ ရာခိုင်နှုန်းလောက်ပြီးပြီဆိုတော့ တည်ဆောက်ရေး လုပ်ငန်း အတွက် ကျနော်တို့မှာ အစိုးရရန်ပုံငွေနဲ့ဆောက်တာ မဟုတ်ဘူးလေ။ အရင်ဆုံး ကုမ္ပဏီတွေရဲ့ ငွေကို စိုက်ပြီးတော့ ဆောက်တာဆိုတော့ လုပ်ငန်းလည်ပတ်ဖို့အတွက် ငွေလိုတယ်လေ။ အခု ပွင့်လင်း ရာသီလည်း ရောက်လာပြီဆိုတော့ မြန်မြန်ဆန်ဆန် စနစ်တကျရောင်းချနိုင်အောင် ပြီးခဲ့တဲ့လက ကြော်ငြာစာထုတ်ပြီးတော့ အဲတာတွေနဲ့ပတ်သက်ပြီး ငွေသွင်းဖို့ ပထမအရစ်ဆိုပြီးတော့ စာထုတ်တာ ဖြစ်ပါတယ်။ ဈေးသူဈေးသားဘက်က ကြည့်တော့လည်း ကိုဗစ်ကာလနဲ့ အခက်အခဲ ရှိတယ်ဆိုပြီး တင်ပြတာပေါ့နော်။ အဲဒီကိစ္စကိုလည်း ကျနော်တို့ အခက်အခဲရှိသူတွေကို ဥပမာ- ချေးငွေပုံစံမျိုးတွေ ချေးပြီးရနိုင်မလားဆိုတဲ့ ဥစ္စာတွေကို ကျနော်တို့ နည်းနည်းလေးတော့ စည်ပင် သာယာရေး ကော်မတီအနေနဲ့ စဉ်းစားပြီးတော့ လုပ်လို့ရနိုင်၊ မရနိုင် အဲတာတွေကို သူတို့နဲ့ တွေ့တဲ့အချိန်မှာ နည်းနည်းလေး ဆွေးနွေးဖို့တော့ ရှိပါတယ်။ ဈေးကိုယ်စားလှယ်တွေကိုပေါ့။ ဒီကာလမှာ အားလုံးတော့ မခေါ်နိုင်ဘူးပေါ့။နည်းနည်းတော့ ရှင်းပြဖို့ ရှိပါတယ်။”
၎င်းပြင်သူက "ဈေးသူဈေးသားတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ငွေပေးသွင်းတယ်ဆိုတာက တန်ရာ တန်ကြေး တစ်ခုပေါ့နော်။ ကိုယ့်အတွက်အခိုင်အမာ။ ယာယီရောင်းတဲ့ဆိုင်မဟုတ်ဘဲနန့် အခိုင်အမာ သံဖရင်တွေနဲ့ ပစ္စည်းထားမယ့်နေရာတွေနဲ့ စနစ်တကျတည်ဆောက်ပေးထားတဲ့ဈေးရုံမှာ ရောင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ရင်းနှီးမြှပ်နှံမှုတစ်ခုအနေနဲ့ ရှာကြံပြီးတော့ ဈေးဆိုင်ခန်းတွေကို လက်ရှိ ရောင်းနေတဲ့သူတွေ ယူစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အရင်ကလည်း ဒီလို ရောင်းလာတယ်။ နောက်လည်း ဒီလိုရောင်းမယ်ဆိုလို့ရှိရင် လက်ရှိဈေးရောင်းစားတဲ့ လူဦးရေ များလာတာနဲ့ ဈေးဧရိယာကျပ်လာတာနဲ့ဆိုတော့ အဆင်မပြေပါ။ အဲတာကြောင့် စနစ်တကျ နေရာ ချထားပေးတဲ့နေရာမှာ ဈေးသူဈေးသားတွေအနေနဲ့ ကြိုးစားပြီးတော့ နေရာကို တန်ရာတန်ကြေး ပေးပြီးတော့ ယူစေချင်တယ်။ ရောင်းချစေချင်ပါတယ်"ဟု ဦးကျော်မိုးက ပြောကြားသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ကော်မတီများကို အသနား ခံစာတင်ရာတွင် မြို့မဈေးကြီး(ပျံကျ)တန်း၊ ကမ်းနားလမ်းထပ်မှ ဆိပ်ကမ်း တံထားတစ်လျှောက်ထိ ရောင်းချလျှက်ရှိသော ဈေးသူ/ ဈေးသား ၂၂၅ဦးမှ လက်မှတ်ရေးထိုးထားသော စာရွက်များကို ပူးတွဲ တင်ပြထားကြောင်း သိ၇သည်။