စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်အကျဉ်းထောင်တွင် အချုပ်သား ၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.3k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ နိုဝင်ဘာ၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်တွင် အချုပ်သား ၄ ဦးတွင် ယခုလ ၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ အချုပ်သားတွေကို ထောင်ထဲကို မသွင်းခင် အပြင်မှာထားပြီး စစ်ဆေးရာကနေ တွေ့ရှိတာ။ စစ်ဆေးတာကတော့ အများကြီးဘဲ။ အဲဒီအထဲက ၄ ဦးမှာ ပိုးတွေ့တာ။ ဒီလ ၅ ရက်နေ့ စစ်ဆေးရာမှာ  ၆ ရက်နေ့က တွေ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။  

ထောင်ဖြစ်၍ ကွာရန်တင်း ဝင်စရာမလိုကြောင်း၊ ထောင်ကျသူများကို ယခုနောက်ပိုင်းတွင် သီးခြားထားကြောင်း၊ နောက် ကိုဗစ်ကာ နောက်ဝင်သူများကို သီးခြားထားပြီးမှ သူတို့အား ကိုဗစ် ရှိမရှိ စစ်ဆေးကြောင်း၊ စစ်ဆေးပြီးမှ ကိုဗစ်မတွေ့သူများကိုသာ ထောင်မကြီးသို့ ပေးသွင်းကြောင်း ၎င်းက ပြောကြားသည်။

“ အခုတွေ့တဲ့လူနာတွေက ဘာမှ ရောဂါလက္ခဏာတော့ မပြဘူး။ သူတို့ပြည်ထဲရေးက သတ်မှတ်ချက်အရ အပြင်မှာ သီးခြား အချုပ်မှာထား၊ ထားပြီးတော့ ကိုဗစ်ကင်းမှ အကျတွေကို မိန်းထောင်ကြီးထဲကို ပို့တာ။ အဲဒီတော့ အဲဒီမှာ အချုပ်ကဟာကို စစ်တာပေါ့။ စစ်တော့ အများကြီးစစ်တာ လေးယောက်တွေ့တာပေါ့” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

မောင်တောခရိုင်တွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၄ဝဝ နီးပါးရှိပြီး ထိုအထဲမှ ဆေးရုံက ဆင်းသွားသူ ၃ဝဝ ရာကျော်ရှိသွားပြီဖြစ်သဖြင့် ဆယ်ဂဏန်းခန့်သာကျန်ရှိကြောင်း၊ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးရှိပြီး ရောဂါအခံရှိသူ တစ်ဦး မောင်တောဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး နောက်တစ်ဦးမှာ ဘူးသီးတောင်ဆေးရုံတွင် ကွယ်လွန်ပြီးမှ စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သူဖြစ်ကြောင်း၊ နိုဝင်ဘာ ၆ ရက်နေ့က မောင်တောတွင် နောက်ထပ် ၁ ဦးနှင့် ဘူးသီးတောင်တွင် နောက်ထပ် ၅ ဦးနှင့် ဘူးသီးတောင် အကျဉ်းထောင်တွင် အချုပ်သား ၄ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်ကြောင့် သေဆုံးသူမှာ ၂၁ ဦးရှိပြီဖြစ်ကြောင်း၊ နိုဝင်ဘာ ၆ ရက်နေ့အထိ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၃၇ ယောက်ရှိရာမှ နိုဝင်ဘာ ၆ ရက်နေ့တွင် နောက်ထပ် ၃၅ ယောက် ပိုးတွေ့သဖြင့် ၁၇၂ ယောက်ရှိကြောင်း၊ ထိုအထဲတွင် အများဆုံးမြို့နယ်နှစ်ခုမှာ အမ်းတွင် ၃၁ ယောက် ရှိရာမှ နိုဝင်ဘာ ၆ ရက်နေ့တွင် ၃ ယောက်ဆင်းသွားသဖြင့် အမ်းတွင် ၂၈ ယောက်နှင့် မောင်တော ၂၈ ယောက် ရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောဆိုသည်။

“ ကျွန်တော်တို့ ရခိုင်တစ်ပြည်နယ်လုံးမှာ Second Wave ၈လပိုင်း၊ ၉ လပိုင်းကစပြီး ဒီနေ့ထိ  ကိုဗစ်ပိုးတွေ့ရှိသူ ရခိုင်တစ်ပြည်လုံး ၂၉၃၅ ယောက်ရှိပါတယ်။ သေဆုံးတဲ့လူနာက ၂၁ ယောက်၊ ဆေးရုံက ဆင်းခွင့်ရတာက ၂၇ဝဝကျော်၊ ဒီနေ့ ဆေးရုံက ဆင်းတဲ့ စာရင်းကို မပေါင်းရသေးတော့ စာရင်း အတိအကျ ပြောလို့ မရသေးဘူး” ဟု ဒေါက်တာစိုးဝင်းပိုင်က နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုပြီးနောက် ရခိုင်ပြည်နယ်တွင် ပိုးတွေလူနာ ၃၅ ဦးရှိပြီး ၎င်းတို့မှာ ဘူးသီးတောင်တွင် ၉ ဦး၊ တောင်ကုတ် ၇ ဦး၊ မြောက်ဦး ၆ ဦး၊ မြေပုံ ၅ဦး၊ စစ်တွေ ၂ ဦး၊ အမ်း ၂ ဦး၊ ကျောက်တော် ၂ ဦး၊ မောင်တော ၁ ဦးနှင့် ကျောက်ဖြူ ၁ ဦးတို့ ဖြစ်ကြသည်။

နိုဝင်ဘာ ၅ ရက်နေ့က ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိပြီး ၎င်းတို့မှာ မောင်တောတွင် ၇ ဦး၊ စစ်တွေ ၂ ဦး၊ တောင်ကုတ် ၂ ဦးနှင့် ပုဏ္ဏားကျွန်းမှ ၂ ဦးတို့ဖြစ်ကြောင်း Rakhine Covid-19 Watch ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဆက်စပ် သတင်းများ