ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၈/၂၀၂၀
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မဲလာပေးသူ အမျိုးသား မဲပေးခါနီးတွင်မူးလဲပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ချေကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးဖြူမောင်သည်။
၎င်းသည် ယနေ့ နံနက်ပိုင်းကရမ်းသစ်ချေကျေးရွာရှိ မဲရုံအမှတ် (၁) သို့ရောက်ရှိလာခဲ့ပြီး မဲပေးခါနီး မဲရုံသို့အဝင်တွင် မူးလဲကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဒေါ်ခင်ဇာလျှံဌေးက ပြောသည်။
“ဦးဖြူမောင်မှာမဲပေးဖို့လာပါတယ်။ လာပြီးတော့ မဲရုံခန်းထဲကို ဝင်ပါတယ်။ အဲဒီမှာ မဲထည့်ဖို့အတွက်မဲပြားတစ်ချပ်ယူတယ်။ အဲဒီမဲကို ထည့်ဖို့သွားတာ မထည့်ခဲ့ရဘူး။ လမ်းမှာ မဲပုံးကိုမရောက်လိုက်ဘဲ လဲသွားပါတယ်။ မူးလဲသွားတော့ သူ့ကို လူတွေက ဆေးခန်းကိုယူသွားခဲ့ကြတယ်။ အဲဒီမှာ ဆုံးသွားတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။
ဦးမောင်ဖြူအားရမ်းသစ်ချေကျေးရွာရှိ ဆေးခန်းသို့ ကျေးရွာသားအချို့က ယူသွားခဲ့စဉ် ဆေးခန်းသို့အရောက်တွင် အသက်သေဆုံးသွားပြီဖြစ်ကြောင်း ရမ်းဗြဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေက ပြောသည်။
ဦးကျော်ရွှေက “သူကသွေးတိုးရောဂါရှိတယ်လို့ ပြောတယ်။ အဲဒီမှာ မဲရုံထဲမှာ ခေါင်းမူးပြီးလဲသွားတာပေါ့။ ဆေးခန်းအရောက်မှာ ဆုံးသွားတာ။” ဟု နိရဥ္စရာသို့ ပြောသည်။
ရမ်းဗြဲမြို့နယ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ရခိုင်အမျိုးသားပါတီ (ANP) ၊ရခိုင့်ဦးဆောင်ပါတီ (AFP) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ အပါအဝင်တစ်သီးပုဂ္ဂလတစ်ဦးတို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးတစ်မြို့နယ်လုံးတွင် မဲပေးသူဦးရေ ရှစ်သောင်းကျော်နှင့် မဲရုံပေါင်း ၁၈ရရုံရှိကြောင်း ဦးကျော်ရွှေက ပြောသည်။