သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် လွှတ်တော်သုံးရပ်လုံးတွင် ANP ပါတီ အနိုင်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၉

၂ဝ၁၅ ခုနှစ် NLD အနိုင်ရရှိခဲ့သည့် ရခိုင်ပြည်နယ်မှ တောင်ကုတ်မြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)သည် လွှတ်တော် သုံးရပ်စလုံးတွင် အနိုင်ရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိသွားသူ ဒေါ်လှသက်စိုး(ခ) ဒေါ်ခင်ထိပ်ထားက ပြောကြားသည်။

အနိုင်ရရှိသူများမှာ အမျိုးသားလွှတ်တော်တွင် ဦးသန်းဝင်း၊ ပြည်သူ့လွှတ်တော်တွင် ဒေါ်လှသက်စိုး (ခ) ခင်ထိပ်ထား၊ ပြည်နယ်လွှတ်တော်အမှတ် (၂) တွင် ဒေါ်ခင်မျိုးယဉ် တို့ ဖြစ်ကြသည်။ အမှတ်(၁) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲမကျင်းပရန် UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော နေရာတွင် ပါဝင်နေသည်။

AA မှ ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဖြစ်ကြသည့် ဒေါ်နီနီမေမြင့်( ပြည်သူ့ လွှတ်တော်၊ ဒေါ်ချစ်ချစ်ချော ( အမျိုးသားလွှတ်တော်) မှ ဦးမင်းအောင် (ပြည်နယ်လွှတ်တော် အမှတ်-၂) တို့မှာ ရှုံးနိမ့်ခဲ့သည်။

ဒေါ်လှသက်စိုး (ခ) ခင်ထိပ်ထားက “ ကျွန်မ အနိုင်ရရှိတဲ့အတွက် ပြောချင်တာကတော့ မြို့ပေါ် ၄ ရပ်ကွက်နဲ့ ကျန်ခဲ့တဲ့ မဲဆန္ဒရှင် ညီအစ်ကို မောင်နှမတွေ၊ ပြည်သူလူထုတွေကို သူတို့စိတ်နဲ့ ကျမရဲ့ စိတ်က ထပ်တူ ဖြစ်တဲ့ အတွက် ကျမက ရှေ့က မားမားမတ်မတ်ရပ်ပြီး အဆင်သင့် ဘယ်အရေးကိစ္စကို မဆို ရပ်တည် ဆောင်ရွက်သွားမယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် ရခိုင်ပြည်နယ်၏ အရေးကိစ္စ အဝဝ ဖြစ်သည့် တန်းတူ အခွင့်အရေး ရရှိရေး၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ လက်ရှိ စစ်ရေးအခင်းအကျင်းနဲ့ စစ်မက်ဖြစ်ပွားမှုတွေ လျော့ချရေး၊ မြို့နယ် ဒေသ အပါအဝင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သူမက ပြောကြားသည်။

(ဓာတ်ပုံ- ANP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှသက်စိုး(ခ) ခင်ထိပ်ထား)


ဆက်စပ် သတင်းများ