Preview

AAကို ရိက္ခာထောက်ပံ့သည့်သံသယဖြင့် မအီမြို့မှ ကျေးရွာတာဝန်ရှိသူနှစ်ဦး ခေါ်ယူစစ်ဆေးခံရ

နိုဝင်ဘာ ၁၂/ ၂၀၂၀ | ကြည့်ရှုသူ :4647
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၁ / ၂၀၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အပိုင် ကျေးရွာနှစ်ခုမှ တာဝန်ရှိသူနှစ်ဦးကို ရက္ခိုင်တပ်တော်(AA) ကို ရိက္ခာ ထောက်ပံ့သည့် သံသယဖြင့် တပ်မတော်မှ ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် ရဲစခန်းမှ တစ်ဆင့် ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတို့ နှစ်ဦးမှာ မအီမြို့ အုပ်ချုပ်မှုအပိုင် ပြင်ဝန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးညီပု(၃ရ)နှင့် ကင်းခြေရွာသစ် ကျေးရွာတာဝန်ခံ ဦးထွန်းတင်(၄၅)နှစ်တို့ဖြစ်ကြသည်။

ပြန်လည်လွှတ်မြောက်လာသူ ဦးထွန်းတင်က “ ရွာထဲဝင်လာပြီး ကျွန်တော့ကို အိမ်အောက်ကို ဆင်းခိုင်းတယ်။ စစ်တပ်သားတွေကားနဲ့လာပြီးခေါ်တာပါ။ ရွာမှာ ရိက္ခာကောက်တယ်။ လူစိမ်းတွေရောက်တယ်ဆိုပြီး သတင်းရတဲ့အတွက်ပါ။ အေအေက လာကောက်တယ်ထင်တာပါ။ ကျွန်တော်တို့ ရွာမှာ လူအဝင်အထွက် မရှိပါဘူး။ အမှန်က။ အဲဒါကြောင့် စစ်ဆေးတာ။ ရှိရင်သတင်းပေးဖို့ ပြောပြီး ပြန်လွှတ်ပေးလိုက်တာပါ” ဟုပြောသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခန့်က အေအေကို ရိက္ခာထောက်ပံ့နေသူများရှိနေသည်ဟုဆိုကာ တပ်မတော်သားများက မအီရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ပြီး ညဉ့် ၁၁ နာရီခန့်တွင် ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

 “သူတို့ခေါ်သွားတုန်းက စိုးရိမ်တာပေါ့ဗျာ။ ခံဝန်တွေလက်မှတ်တွေလည်း မထိုးခဲ့ရပါဘူး။  ကျွန်တော်က လခစားလည်းမဟုတ်ပါဘူး။ စေတနာ့ ဝန်ထမ်းပါ။ ကျေးရွာတာဝန်ခံဆိုတာက။ ပြီးတော့ ကျွန်တော်တို့ ဆီမှာ အဲလိုကောက်ခံတာတွေလည်း မရှိပါဘူး” ဟု ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မအီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ပုအား ဆက်သွယ်ရာ ၎င်းကိစ္စသိရှိခြင်း မရှိသေးကြောင်း ပြောသည်။

“အဲလိုတော့ သတင်းပို့ထားတာ ဘာညာတော့ မရှိဘူးဗျ။ အဲဒီကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ဆီကို သတင်းပို့တာလည်းမရှိသေးဘူး။ လောလောဆယ်တော့ မသိ၇သေးပါဘူး” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မအီမြို့ရဲတပ်ဖွဲ့ ဒုရဲမှူးဇော်မင်းနိုင်အား ဆက်သွယ်မေးမြန်းရာ ၄င်းမှာ နေရာပြောင်းရွှေ့သွားရပြီဖြစ်သဖြင့် မအီမြို့အကြောင်း ဖြေကြားနို်င်ခြင်းမရှိတော့ကြောင်း ပြောသည်။

#တရားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.