သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

NLD မှ ရခိုင်အခြေစိုက်နိုင်ငံရေးပါတီ ၁ဝ ခုအပါအဝင် တိုင်းရင်းသားပါတီ ၄၈ ပါတီကို ပြည်ထောင်စုအရေးပူးပေါင်းပါဝင်ရန်ကမ်းလှမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/ ၂ဝ၂ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီ ၁ဝ ခုအပါအဝင် တိုင်းရင်းသားပါတီ ၄၈ ပါတီအား ၎င်းတို့ ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် ကမ်းလှမ်းလိုက်သည်။

၎င်းကမ်းလှမ်းချက်ကို  “ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စု အရေးကိစ္စ”  ဟု ခေါင်းစဉ်တပ်ကာ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြင့် တိုင်းရင်းသားပါတီ အသီးသီးသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပါဝင်သည့် ရခိုင်အခြေစိုက် ပါတီ (၁ဝ) ခုမှာ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက် လူမျိုးများတိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင့်ဦးဆောင်ပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီတို့ ဖြစ်ကြသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တိုင်းရင်းသားများအား အပြောနှင့်မဟုတ်ဘဲ လုပ်ရပ်နဲ့ သက်သေပြရန် လိုအပ်ကြောင်း ၏ ရခိုင့်ဦးဆောင်ပါတီ ( AFP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

"NLD ရဲ့ အရင်ရှေ့က လုပ်ဆောင်ချက်တွေမှာ တိုင်းရင်းသားကိစ္စတွေကို အလေးထားပြီး လုပ်တယ်ဆိုတဲ့ လုပ်ရပ်တွေ ခိုင်ခိုင်မာမာမတွေ့ရဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေကို လုပ်ရပ်နဲ့ သက်သေပြဖို့လိုတယ်။ အပြောနဲ့ ပြောနေလို့မရဘူး။ ပြီးတော့ နောက်တစ်ခုက အခုလို ပြောနေတာကိုလည်း အရင်က လုပ်ရပ် မရှိတဲ့လူတွေ ပြောနေတာကိုလည်း ကျွန်တော်တို့က လောလောဆယ် ယုံကြည်နိုင်ဖို့ ခက်ခဲသေးတယ်။ အကြာကြီး သံသယနဲ့ စောင့်ကြည့်ရဦးမယ်" ဟု နိရဥ္စရာသို့ ပြောသည်။

NLD ၏ ထုတ်ပြန်ချက်တွင် "တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်" ဟု ဖော်ပြထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီပြန်ကြားရေး တာဝန်ခံ ဦးလှမြင့်က "ဖေ့စ်ဘုတ်မှာတော့ တွေ့တယ်ပေါ့။ ပါတီကိုတော့ သီးသန့်ကမ်းလှမ်းလာတာ မရှိသေးဘူး။ ဖေ့စ်ဘုတ်ကပဲ ကမ်းလှမ်းထားတာပေါ့။ အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့က တစ်ယောက်တည်း သဘောထား ပြောလို့တော့ မရဘူးပေါ့နော်။ အဲဒီ ထုတ်ပြန်ချက်က အကျိုးသက်ရောက်မှု ဘယ်လောက်ရှိလဲဆိုတာတွေလည်း ရှိသေးတယ်။ ပါတီ သဘောတိုင်းကျအောင်လည်း အကုန်လုံးရဲ့ သဘောထားကိုလည်း သိပြီးမှ တုံ့ပြန်လို့ ရမယ်ပေါ့" ဟု နိရဥ္စရာသို့ ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲကြီးတွင်  မိမိတို့ပြည်နယ်အသီးသီး၌ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အချို့သော ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ် ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မိမိတို့၏ ရည်မှန်း ထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း၊ မည်သည့်အခြေနေသို့ ရောက်သည် ဖြစ်စေ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ