အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်ပြီးစားစရာမရှိဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်ပြီး စစ်ဘေးရှောင်များ စားစရာမရှိဖြစ်နေကြသည်ဟု စခန်းတာဝန်ရှိသူများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စခန်းတာဝန်ခံ ကိုကျော်မြင့်ချေ “ အခု စခန်းမှာ ရိက္ခာပြတ်လပ်နေတယ်။ စခန်းကလူတွေက အခုစားစရာမရှိ ဖြစ်နေကြတယ်။ အခုက နီးစပ်ရာရွာတွေက တောင်းစားနေကြတယ်။ စခန်းမှာကလည်း မိန်းမတွေနဲ့ ကလေး၊ သက်ကြီးရွယ်အိုတွေပဲရှိတယ်။ ယောကျာ်းတွေက ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး အခုထွက်ပြေးနေကြတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဖြစ်နေခြင်းမှာ စစ်ဘေးရှောင်များအတွက် လှူဒါန်းထားသော ဆန်အိတ် ၅ဝဝ ကျော်ခန့်ကို မြန်မာ့တပ်မတော်သားများက ယူဆောင်သွား၍ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ အခုစစ်သားတွေက ကျနော်တို့ တိမ်ညိုရွာ စာသင်းကျောင်းမှာလည်းရှိတယ်။ ဘုန်းကြီးကျောင်းမှာလည်း ရှိတယ်။ ထောက်ပံ့ကူညီမယ့်သူတွေလည်း ဘယ်သူမှ မလာရဲတော့ဘူး။ ဒီလို စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို အခုလိုမျိုးမယူသင့်ဘူး။ အထက်တာဝန်ရှိသူတွေ အမြန်စိစစ်ပြီး ဖြေရှင်း ပေးစေလိုတယ်” ဟု ကိုကျော်မြင့်ချေက ဆက်ပြောသည်။

၎င်းဆန်အိတ်များမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် နိုင်ငံတကာကြက်ခြေအနီအဖွဲ့ ICRC မှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လှူဒါန်းထားခြင်းဖြစ်ကြောင်း တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။

“ စစ်ဘေးရှောင်တွေကလည်း အခုဖြစ်သလို ရုန်းကန်နေရတယ်။ စစ်သားတွေကလည်း အခုထက်ထိ ရွာက မထွက်သေးတဲ့အတွက် စခန်းကော်မတီတွေကလည်း စိုးရိမ်ပြီး ထွက်ပြေးနေကြတယ်။ မသင်္ကာတဲ့ လူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတဲ့အတွက် လူတွေကလည်း ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်။”

အခုလက်ရှိအခြေအနေတွင် စစ်ဘေးရှောင်များအနေဖြင့် နီးစပ်ရာဆွေးမျိုးများ၊ ကျေးရွာများမှ ချေးငှား၊ တောင်းစားလို့ ရရှိနေသေးသော်လည်း ရေရှည်တွင် အခက်အခဲများစွာကျရောက်နိုင်ကြောင်း ၄င်းက ထောက်ပြပြောဆိုသည်။

ဆန်အိတ်များကို တပ်မတော်တပ်ဖွဲ့ တစ်ခုက ယူဆောင်သွားပြီးနောက် အဆိုပါကိစ္စကို မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ကို တိုင်ကြားထားသည်ဟု သိရှိရသဖြင့် နိရဥ္စရာ သတင်းဌာနမှ မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးက “ သူတို့ဆီကတော့ ကျနော်တို့ကို တင်ပြထားတာမရှိဘူး။ တိမ်ညိုရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ကျနော်ကိုဖုန်းဆက်လို့ သတင်းပို့ပါတယ်။ ဘေးစီမံက ခရိုင်ဦစီးမှု ဦးဆန်းနီကို စိစစ်ကြည့်လိုက်တော့ စစ်ဘေးရှောင်တွေကို ထောက်ပံ့မယ့်ဆန်တွေ အဲမှာပုံထားတာမရှိ။ အဲဒါကြောင့် ကျနော်တို့လည်း အစိုးရအဖွဲ့တွေကို တင်ပြလို့ မရဖြစ်နေပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုလည်း ကျနော်မေးပြီးပြီ။ တရားဝင်ပုံထားတယ်ဆိုလို့ရှိရင် ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက ကျနော်တို့လည်း သိတာပေါ့နော်။ ကျနော်တို့ဆီကိုလည်း ဘေးစီမံက တင်ပြတာပေါ့လေ။ ဘေးစီမံကနေပြီးတော့ စစ်ဘေးရှောင် တွေကို ပေးဖို့အတွက် ပုံထားတဲ့ ဆန်တွေမရှိလို့ သိရပါတယ်။ တပ်မတော်သားတွေ ယူသွားတယ်လို့ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးက သတင်းပို့တော့ အဲလို့ ဆိုလိုရှိရင် ဓာတ်ပုံမှတ်တမ်းတွေ၊ ဘာတွေသေချာလည်း ယူထားပါလို့။ သူတို့မှာတော့ မှတ်တမ်းနဲ့ တင်ပြနိုင်ဖို့တော့ လိုတယ်လို့တော့ ပြောလိုက်ပါတယ်။ အခုက စကားပြောနဲ့ဆိုတော့ ကျနော်လည်း မျက်မြင်လည်း မတွေ့ရတော့ မှန်တယ်။ မမှန်ဘူးဆိုတာကိုတော့ ကျနော်လည်း သေချာပြောလို့ မရ ဖြစ်နေပါတယ်။ တပ်နံပါတ်ကိုလည်း မသိရဘူးလေ။ အရပ်သားတွေ၊ ရွာသားတွေဆိုတော့ သူတို့လည်း တပ်နံပါတ်ကို သိနိုင်မှာမဟုတ်ဘူး။ လက်နက်ကိုင်တော့ လက်နက်ကိုင်ပဲ။ ဘယ်တပ်လဲ။ ဘာလဲ။ သူတို့ သိမှာမဟုတ်ဘူး” ဟု ပြောဆိုသည်။

မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က စစ်ဘေးရှောင်ယောကျ်ားများ ထွက်ပြေးနေရခြင်း၊ ရိက္ခာပြတ်လပ်သွား၍ စခန်းတွင်ရှိနေသော စစ်ဘေးရှောင်အမျိုးသမီးများမှာ နီးစပ်ရာ ကျေးရွာများမှာ ချေးငှား၊ တောင်းစားနေရခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

တပ်မတော်စစ်ကြောင်းတစ်ခုက နိုဝင်ဘာလ ၁ဝ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က တိမ်ညို ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်များအတွက် သိုလှောင်ထားသည့်  ဆန်အိတ်များကို ကားများ တင်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း စခန်းတာဝန်ခံများ ပြောပြချက်အရ သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်တော်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်း၍ မရရှိသေးသလို တပ်တော်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲမှလည်း တစ်စုံတစ်ရာ ယနေ့ထိ သတင်းထုတ်ပြန်ခြင်း မရှိသေး၍ တပ်ဘက်က သဘောထားကို မသိရှိသေးပါ။  

တိမ်ညို စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်း၊ လက္ကာ၊ အောက်သကန်၊ ဘူးရွက်မညိုး စသည့် ကျေးရွာတို့မှ ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၃၃၅၅ ဦးရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ