သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရန်ကုန်တွင် ကိုဗစ်ကြောင့်သောင်တင်နေသူ ၁၂၅ ဦးကို ရခိုင်သို့ ဘစ်စ်ကား ၄စီးဖြင့်ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၁၄/၂ဝ၂ဝ

ခရီးသည်တင်ဘတ်စ်ကားများ သွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် ရခိုင်သို့ မပြန်နိုင်ကြပဲ ရန်ကုန်တွင် သောင်တင်နေခဲ့ကြသည့် ကျောက်ဖြူနှင့် ရမ်းဗြဲမှ ခရီးသည် ၁၂၅ ဦးကို ယမန်နေ့ ညနေပိုင်းက ဘတ်စ်ကား ၄ စီးဖြင့် ရခိုင်လူမှုအဖွဲ့အစည်းများက စီစဉ် ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။

ရန်ကုန်အခြေစိုက် လေးဝတီကုလရက္ခိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုဗျာလက “ အခု ပို့ဆောင် တာက ရမ်းဗြဲမြို့က ၅၁ ဦးနဲ့ ကျောက်ဖြူမြို့က ၇၄ ဦးဖြစ်ပါတယ်။ ဘတ်စ်ကား ၄ စီးနဲ့ ဖြစ်ပါတယ်။ မနေ့က ည ၅ နာရီကျော်က စထွက်ပါတယ်။ အားလုံး PPE ဝတ်စုံတွေ ဝတ်ပြီး လမ်းခရီးမှာ ဘယ်မြို့ကို မဆင်းပဲ ပို့ဆောင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းရခိုင်ပြန်သူများမှာ ရန်ကုန်တွင် ကိုဗစ်စစ်ခွင့်မရရှိခဲ့သည့်အတွက် ရခိုင်ရောက်လျှင် သက်ဆိုင်ရာမြို့များတွင် ကွာရန်တင်းဝင်ရမည်ဖြစ်ကြောင်း၊ ရမ်းဗြဲသွားသူများလည်း ရမ်းဗြဲတွင် ကွာရန်တင်း ဝင်ရမည်ဖြစ်ပြီး ကျောက်ဖြူရောက်လျှင်လည်း ကျောက်ဖြူကို ပြန်သူများ ကွာရန်တင်း ဝင်ရမည်ဟု ၎င်းက ပြောကြားသည်။

“ ဒီအစီအစဉ်က သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ သွားတာပါ။ လူနာမည်၊ မှတ်ပုံတင် နံပတ်၊ နေရပ်လိပ်စာ စာရွက်စာတမ်း အပြည့်အစုံနဲ့ စာရင်းမှတ်တမ်းတွေ သေချာလုပ်ပြီ ပို့ဆောင်တာပါ။ ပဲခူးတိုင်းနဲ့ မကွေးတိုင်းဒေသကြီးကို ဖြတ်ရမှာဆိုတော့ သက်ဆိုင်ရာ လမ်းတာဝန်ယူထားတဲ့ အဖွဲ့တွေ အနေနဲ့လည်း ဒုက္ခရောက်နေကြသူတွေကို ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု ပြောကြားသည်။

ယခု ခရီးစဉ်အား လေးဝတီကုလရက္ခိတအဖွဲ့မှ အိတ်စိုက်ငွေဖြင့် ပထမဆုံး အကြိမ် စီစဉ်သော ခရီးစဉ်ဖြစ်ကြောင်း၊ ၎င်းပြင် အေးချမ်းဖြူစင်၊ မေတ္တာရှင်ပရဟိတ အဖွဲ့တို့မှ ပူးပေါင်းကူညီကြောင်း၊ We love Rakhine လူမှုအဖွဲ့အစည်းမှလည်း ခရီးသည် တစ်ဦးကို ကျပ်တစ်သောင်းစီ ထောက်ပံ့ပေးကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တွင် ရခိုင်မှ လာအလုပ် လုပ်ကြသည့် ရွှေ့ပြောင်းလုပ်သား ခြောက်သောင်းခန့်ရှိပြီး စက်ရုံ အလုပ်ရုံများ ပိတ်ထား၍ စားဝတ်နေရေး အဆင်မပြေသူများ၊ အခန်းခဖိုး မတတ်နိုင်၍ ရခိုင်ပြန်လိုသူများကိုလည်း အတတ်နိုင်ဆုံး ရခိုင်သို့ ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။

ခရီးသွားဘတ်စ်ကားများ သွားလာမှုကို ပိတ်ထားသဖြင့် ရန်ကုန်မှ ရခို်င်သို့ မပြန်နိုင်ပဲ ဖြစ်နေကြသူများမှာ တစ်ထောင်ကျော်ခန့် ကျန်ရှိနိုင်သေးကြောင်း ကိုဗျာလက ပြောဆိုသည်။

ဆက်စပ် သတင်းများ