စစ်တွေတွင် ကိုဗစ်လူနာ ၁ဦးထပ်မံသေဆုံး၊ ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၂၄ဦးအထိရှိလာ


မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို အတည်ပြု ပြောသည်။

“သေဆုံးသူကတော့ စစ်တွေက အသက် ၅၂ နှစ်အရွယ် ယောက်ျားဖြစ်ပါတယ်။ ရောဂါအခံကတော့ ဆီးချိုတော့ရှိတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့်ဆုံးသွားတာပေါ့နော်”ဟု သူက ဆိုသည်။

သေဆုံးသွားသည့်လူနာမှာ စစ်တွေမြို့ ပါဒလိတ်ကျေးရွာမှဖြစ်ပြီး ယနေ့နံနက် ၆ နာရီခန့်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ရခိုင်ကိုဗစ်-၁၉ အန္တရာယ်စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက နိရဥ္စရာကို ပြောသည်။

“သူက ဆေးရုံတက်တာတော့ ကြာပြီထင်ပါတယ်။ ကြပ်မတ်ခံထားရတဲ့လူနာပေါ့”ဟု ကိုဇော်လှိုင်ထွန်းက ပြောသည်။

ယခုသေဆုံးသွားသူ၏အမျိုးသမီးသည်လည်း ကိုဗစ်ပိုးတွေ့၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်နေရပြီး သူတို့၏ သမီးဖြစ်သူသည်လည်း Quarantine Centre တစ်ခုတွင် Quarantine ဝင်နေရသည်ဟု ရခိုင်ကိုဗစ်-၁၉ အန္တရာယ်စောင့်ကြည့်ရေးအဖွဲ့မှ သိရသည်။

ယခုလ နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရခိုင်တွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ (၇) ဦးအထိရှိနေပြီ ဖြစ်သည်။

တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့်ဆိုလျှင် (၂၄)ဦးအထိရှိလာနေပြီဖြစ်သည်။

၎င်းတို့မှာ စစ်တွေဆေးရုံမှ (၁၁) ဦး၊ စစ်တွေတပ်နယ် ကုတင် (၁ဝဝ) ဆေးရုံမှ (၁) ဦး၊ မြောက်ဦးဆေးရုံမှ (၂) ဦး၊ ကျောက်တော်ဆေးရုံမှ (၁) ဦး၊ ပေါက်တော ဆေးရုံမှ (၃) ဦး၊ ကျောက်ဖြူဆေးရုံမှ (၂) ဦး၊ မင်းပြားဆေးရုံမှ (၁) ဦး၊ မောင်တောဆေးရုံမှ (၂) ဦးနှင့် ဘူးသီးတောင်ဆေးရုံမှ (၁) ဦး၊ စုစုပေါင်း (၂၄)ဦးဖြစ်သည်။

လက်ရှိ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာ (၃၁၆၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၈၉၈)ဦး ရှိကာ (၂၆၁)ဦးမှာ ဆေးရုံအသီးသီးတွင် ကုသနေရဆဲဖြစ်သည်ဟု ရခိုင်ကိုဗစ်-၁၉ အန္တရာယ် စောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

Share: