သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မအီမြို့သုသာန် ပြောင်းရွှေ့ပြီး အကျွတ်အလွတ်ပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့လယ်တွင်ရှိသည့် သုသာန်မြေနေရာအား ဒေသခံများ တောင်းဆိုချက်အရ ယမန်နေ့ နံနက် ၁ဝ နာရီက ရွှေ့ပြောင်းလိုက်ပြီး အကျွတ်အလွတ်ပွဲလည်း ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

မအီမြို့၊ အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်အောင်က “သင်္ချိုင်းက မြို့လယ်ခေါင် ရောက်နေတာ။ အဲဒါကို ပြောင်းရွှေ့ပေးဖို့အတွက် ဒေသခံတွေ ကလည်း တောင်းဆို ထားကြတာ ကြာပြီ။ အခုတော့ ဝန်ကြီးဌာနကလည်း အမိန့်ကျလာတယ်ပေါ့။ ပြီးတော့ မြောက်ဦးက ဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီးတွေလည်း ကြွရောက်ခဲ့ကြပါတယ်။ ရွှေ့ပြောင်းတဲ့အခါ မြေတွေ၊ သဲတွေတင်တဲ့ ကား ၁၁ စီးနဲ့ မီးသတ်ကား ၁ စီးပါပါတယ်။ စည်ပင်တို့ကပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

ယခင် သုသာန်မှာ မအီမြို့ အမှတ် (၃) ရပ်ကွက်အတွင်း၌ ရှိကာ၊ ယမန်နေ့က ပြောင်းရွှေ့လိုက်သော သုသာန်မှာ မအီမြို့၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာ မအီမြို့ပြင်ဘက်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း ဦးထွန်းတင်အောင်က ဆိုသည်။

“အခု ပြောင်းလိုက်တဲ့ သုသာန်အသစ်ကို ဒေသဖွံ့ဖြိုးရေးကော်မတီက ဝယ်တာပေါ့။ အဲဒီသုသာန်ဘက်ကို သွားတဲ့ လမ်းဟာဆိုလို့ရှိရင် ပေ တစ်ထောင်ကျော်လောက်အတိုင်းအတာ ဖောက်လိုက်ရတယ်။ ဒီမြေဟာလည်း ဝယ်တာပေါ့။ မြို့မ အားကစားကွင်းနဲ့ အခုအသစ်ပြောင်းလိုက်တဲ့ သုသာန်နဲ့ဆိုရင် ပိုနီးပါတယ်။ တစ်ဖာလုံလောက်ပဲ ဝေးပါတယ်” ဟု သူက ဆက်ပြောသည်။

မအီမြို့ရှိ ဒေသခဖွံ့ဖြိုးရေးကော်မတီက သုသာန်မြေနေရာအတွက် ငွေကျပ် သိန်း ၉ဝနှင့် သုသာန်သို့ သွားရန် လမ်းအတွက် ငွေကျပ် ၃ဝ စုစုပေါင်း သိန်း ၁၂ဝ ခန့်ဖြင့် အကုန်ကျခံကာ ဝယ်ထားခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။

၎င်းပြင် မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒကို ဦးထိပ်ထားပြီး ဆရာတော်ကြီး၏ ဦးဆောင်ဦးရွက်ပြုကာ အကျွတ်အလွတ်ပွဲပြုလုပ်ခဲ့ကြသလို မလွတ်မကျွတ်သူများအားလည်း မေတ္တာပို့ ရေစက်ချ အမျှအတန်း ပေးဝေမှုများကိုလည်း ပြုလုပ်ခဲကြသည်ဟု သိရှိရသည်။

မအီမြို့မှ မြို့မိ မြို့ဖများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ လူကြီးများအပါအဝင် ဒေသခံ စုစုပေါင်း ၄ဝဝ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မအီမြို့နယ် စည်ပင်ကော်မတီမှ တာဝန်ရှိသူ ဦးညီညီလွင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

(ဓာတ်ပုံ- မြောက်ဦးဆရာတော်ပို့စ်)

ဆက်စပ် သတင်းများ