Preview

တပ်မတော်နှင့် AA အပြန်အလှန်ထုတ်ပြန်ချက် ကောင်းသောလက္ခဏာဟု ALPသုံးသပ်

နိုဝင်ဘာ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :8707
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၆ /၂၀၂၀

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ အပြန်အလှန်ထုတ်ပြန်ချက်များအပေါ် ရခိုင်ပြည်သူများ အတွက် ကောင်းသောလက္ခဏာတစ်ရပ်ဖြစ်သည်ဟု သုံးသပ်မိကြောင်း အစိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးယူထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကပြောဆိုလိုက်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသော ဆွေးနွေးပွဲ များဖြင့်သာ အဖြေ ရှာကြစေလိုကြောင်းဖြင့်လည်း ဖော်ပြထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုကော်မတီဝင် ပြောခွင့်ရသူ ဒေါ်စောမြရာဇာလင်းက “အခု ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေ ကလည်း စတိတ်မန့် ထုတ်လာမှုပေါ်မှာ တပ်မတော် ကလည်း တုန့်ပြန်လာခဲ့တယ်ပေါ့။ အဲလို့အပြုသဘောဆောင်တဲ့ဘက်ကို သွားတယ်လို့ ကျွန်မတို့က အမြင်ရှိပါတယ်။ အဲလိုအပြုသဘောဆောင်တဲ့ လုပ်ဟန်ကိုတော့ ကျွန်မတို့ကြိုဆိုတယ်” ဟုဆိုသည်။

ALP ၏ ထုတ်ပြန်ချက်ထဲတွင် “နိုင်ငံရေးပဋိပက္ခများကို စစ်ရေးနည်းလမ်းများကို အသုံးမပြုကြဘဲ နိုင်ငံရေး ဆွေးနွေးဝိုင်းတွင် ငြိမ်းချမ်းစွာ တိုက်ပွဲဝင် ဆွေးနွေးအဖြေရှာကြရန် သက်ဆိုင်ရာများအား အကြိမ်များစွာ တိုက်တွန်းခဲ့ဖူးကြောင်း" ဖော်ပြသည်။

၎င်းပြင် " ၇ခိုင်ပြည်နယ်မြောက်ပိုင်းတွင် (၂)ဖက် တိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့ရခိုင်ပြည်သူများ အသက်ရှုံးရခြင်း၊ အိုးအိမ်စည်းစိမ်စသည်များ ပျက်စီးဆုံးရှုံးရခြင်း၊ နေရပ်စွန့်ခွာ ပြည်တွင်းဒုက္ခသည်ဘ၀သို့ ရောက်နေကြ၇သည့် အချိန်တွင် နိုဝင်ဘာလ (၁၁၊ ၁၂) ရက်များ၌ ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာ့တပ်မတော်တို့မှ အပြန်အလှန် ထွက်ပေါ်လာသော အပြုသဘောဆောင်သည့် ထုတ်ပြန် ကြေညာချက် များသည် ရခိုင်ပြည်သူများအတွက် ကောင်းသောလက္ခဏာတစ်ရပ်ဖြစ်သည်ဟု သုံးသပ်မိပါကြောင်းနှင့် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသော ဆွေးနွေးပွဲများဖြင့်သာ အဖြေရှာကြစေလိုကြောင်း” ဖော်ပြထားသည်။

“ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေက ထိုးစစ်ဆင်မှုတွေ ရပ်တန့်နေတဲ့သဘောရှိတယ်။ ဥပမာ လက်နက်ကြီး ကျတာတို့၊ ဘာတို့တော့ ရှိတာပေါ့ နေရာတစ်ခုခုမှာ။ ဒါပေမယ့် ထိုးစစ်ဆင်မှုဆိုတဲ့အနေအထားကို သိပ်မတွေ့ရဘူး။ ဒီဟာက အပြန်အလှန်ပြောနေကြတဲ့ အကြောင်းအရင်းကနေ အခြေခံလာတာလည်း ဖြစ်နိုင်တယ်” ဟုပြောသည်။

ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် မိမိတို့၏ နိုင်ငံရေးပြဿနာကို အုပ်စိုးသူ အစိုးရအဆက်ဆက်မှ နိုင်ငံရေးအရ ဖြေရှင်ခြင်း မပြုလုပ်ပဲ စစ်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် လက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့ကြခြင်းဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ၂၀၁၂ ခုနစ် ဧပြီလ ၅ ရက်နေ့တွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်(Bilateral) ကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိ၇သည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.