အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၇ / ၂၀၂၀
NLD အစိုး၇လက်ထက် ၅ နှစ်တာကာလအတွင်း ရခိုင်လွှတ်တော်တွင် မေးခွန်းအဆိုတင်ပြချက်များကို ပြည်နယ်အစိုး၇က လုံး၀ ဥပေက္ခာပြုခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ယနေ့ လွှတ်တော်တွင် ထည့်သွင်း ဝေဖန် ပြောဆို သွားခဲ့သည်။
“ ပြည်နယ်အစိုးရအနေနဲ့ လွှတ်တော်ရဲ့အကြံပြုချက်များကို လက်ခံမှုအားနည်းပြီးတော့ မူလနီးပါးအတိုင်း ဥပဒေကြမ်း အဖြစ် ပြန်လည်တင်ပြလာခဲ့တာကိုလည်း တွေ့၇ပါတယ်။ ဥပမာအနေနဲ့ ၂၀၂၀-၂၀၂၁ ဘတ်ဂျတ်နဲ့ ပတ်သက်ပြီးတော့ လျာထားချက်တင်သွင်းခဲ့စဉ်က ၄၄ ချက်အကြံပြုခဲ့ပေမယ့် ၄ ချက်ကိုသာ ပြောင်းလဲ ပြင်ဆင်တာကြောင်း တွေ့ရပါတယ်။ ဒါဟာ လွှတ်တော်ရဲ့အကြံပြုချက်များကို လုံး၀ ဥပေက္ခာပြုကြောင်း ထင်ရှား နေပါတယ်” ဟု သူကဆိုသည်။
ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်ကာလအတွင်း တင်သွင်းခဲ့သည့် အဆိုများ မေးခွန်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်တမ်းမကုန်ဆုံးမှီလျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက် ပေးသင့်ကြောင်း တိုက်တွန်းသည့်အဆိုကို ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ၇ခိုင်ပြည်နယ် လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်အဝေးတွင် ဦးဇော်ဇော်မြင့်က အဆိုတင်သွင်းခဲ့သည်။
ယင်းတင်ပြချက်မေးခွန်းအဆိုကို သူ့အနေဖြင့် လွှတ်တော်တွင် ဇူလိုင်လအတွင်းတွင် တင်သွင်း မေးမြန်း ခဲ့သော်လည်း ယနေ့နိုဝင်ဘာ ၁၇ ရက်နေ့ (၁၄) ကြိမ်မြောက် ပုံမှန်အစည်အဝေးတွင်သာ တင်သွင်းခွင့် ရရှိခဲ့သည်ဟုလည်း သူကဆိုသည်။
နောင်ဖြစ်လာမည့်အစိုး၇အားလည်း စိတ်ပါဝင်စားစွာဖြင့် လွှတ်တော်မှ အဆိုနှင့်မေးခွန်းများအပေါ်မှာ ပြန်လည်လေ့လာသုံးသပ်ပြီး အကောင်အထည်သင့်ကြောင်း တင်ပြခဲ့သည်။
“အတိတ်ဖြစ်စဉ်ဖြစ်ရပ်များအပေါ်မှာ မှန်ကန်စွာလေ့လာသုံးသပ်ပြီးသင်ခန်းစာယူကာ ထိရောက်သည့် ပြောင်းလဲမှုတွေကို မြန်ဆန်စွာပြုလုပ်နိုင်မှ သာလျှင် အနာဂတ်တိုးတက်မှုသေချာလာနိုင်မှာ ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်လွှတ်တော်၏ အဆိုများ မေးခွန်းများနှင့် လုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေး၊ လူမူစီးပွားဘ၀နဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အား များစွာ အထောက်အကူပြုသွားနို်င်လိမ့်မည်ဖြစ်ပါသဖြင့် မည်သည့်အခြေအနေအချိန်ကာလ ၊မည်သည့် အစိုးရ ဖြစ်စေပြည်သူ့ကိုယ်စားလွှတ်တော်နဲ့ အလေးထားပြီးပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု သူကဆက်၍ တင်သွင်းပြောဆိုခဲ့သည်။
၄င်းအဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်ကလည်း ထောက်ခံဆွေးနွေးခဲ့သဖြင့် လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန်သဘောတူခဲ့သည်။
ဒုတိယအကြိမ် ၇ခိုင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးစတုတ္တနေ့ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ(၁၈)ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီအချိန်တွင် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိ၇သည်။