အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ငါးစျေးမရ၍ ရခိုင်ရေလုပ်သားများ စီးပွားရေးအခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၈ /၂ဝ၂ဝ

ကိုဗစ်ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေသည့်အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများရှိနေသဖြင့် ရခိုင်ပြည်နယ်၏ အဓိက အားထားရသော စီးပွားရေးလုပ်ငန်းများအထဲမှ တစ်ခုဖြစ်သည့် ရေလုပ်လုပ်ငန်းမှာ အခက်အခဲများဖြင့် ကြုံတွေ့ရင်ဆိုင် နေရကြောင်း ၎င်းလုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုကြသည်။

ပေါက်တောမြို့နယ်၏ အနောက်ဖရုံကာကျွန်း (မြေငူကျွန်း) ဒေသဆိုလျှင် ရေလုပ်ငန်းကို အဓိကအားထားပြီး လုပ်ကိုင်စားသောက်နေရသော ဒေသတစ်ခုဖြစ်သော်လည်း ငါးစျေးမရဖြစ်နေသဖြင့် ထိုဒေသမှ  လက်လုပ် လက်စား ဒေသခံပြည်သူများမှာ စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

သဲခုံကျေးရွာက ဦးစိုးမြင့်က “ လွန်ခဲ့တဲ့ နှစ်ကဆိုရင် ကျနော်တို့ ငါးတွေကို ရခိုင်ပြည်နယ်အနှ့ံတင်ပို့လို့ရတယ်။ အခုက စစ်ပွဲတွေဖြစ်ပြီး စစ်ဘေးရှောင်ဦးရေတွေများလာတဲ့အတွက် ကိုယ့်ပြည်နယ်အတွင်းမှာလည်း ရောင်းချလို့ အဆင်မပြေဘူး။ နောက်တစ်ခုက ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံခြားကို တင်ပို့လို့လည်း မရဘူး ဖြစ်နေတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်မှ ရေထွက်ပစ္စည်းများဖြစ်ကြသည့် သားငါးပုဇွန်များကို ရန်ကုန်၊ မန္တလေးပြည်တွင်းစျေးကွက် သာမက တရုတ်၊ ထိုင်းနိုင်ငံအထိတင်ပို့ခဲ့ကြသော်လည်း ယခုနှစ်တွင် တင်ပို့နိုင်မှု မရှိသလောက် ဖြစ်သွားသည်ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ တင်ပို့ ရောင်းချနိုင်ခွင့် မရှိရာမှ ယခုအတွင်း ငါးစျေး၊ ပုဇွန်စျေးများမှာ ယခင်နှစ်များအထက် တစ်ဝက်ကျော်အထိ ထိုးကျသွားရာမှ ဒေသခံရေလုပ်သားများမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦး သိန်းထွန်းကပြောသည်။

“ ငါးစျေး၊ ပုဇွန်စျေးတွေက တအားကို ထိုးကျသွားတယ်။ အရင် ငါးတစ်ဗန်းကို သုံးသောင်း ၊ လေးသောင်း ရတယ်ဆိုလို့ရှိရင် အခုဆိုရင် တစ်သောင်းခွဲ၊ နှစ်သောင်းအဲလောက်ပဲရတယ်။ အခုဒေသခံ ဆင်းရဲသား ပြည်သူတွေဆိုလို့ရှိရင် စားဝတ်နေရေးအခက်အခဲတွေဖြစ်နေတယ်။ အရင် ငရုတ်သီးတစ်လုံးစားရင် အခု ငရုတ်သီးတစ်ပိုင်းပဲစားနေရတယ်။ အဲလိုမျိုး အခက်အခဲတွေကို ရင်ဆိုင်နေရတယ်။ ရေလုပ်ငန်းက အဆင်မပြေတော့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပျက်ကုန်တာပေါ့” ဟုပြောသည်။

ယခင်နှစ်များက အမျိုးသမီးတစ်ဦးဆိုလျှင် လုပ်အားခ ရှစ်သောင်းခန့်၊ အမျိုးသားတစ်ဦးလျှင် လုပ်အားခ တစ်သိန်းခွဲ၊ နှစ်သိန်းခန့်အထိ ရရှိသဖြင့် ရေလုပ်သားတိုင်း ဝမ်းရေးဖုံလုံခဲ့ကြသော်လည်း ယခုနှစ်တွင် အဆိုပါ အလုပ်အကိုင်များဆုံးရှုံးနေသဖြင့် ဝမ်းရေးအခက်အခဲဖြစ်နေသည်ဟု သဲခုံကျေးရွာမှ ဦးစိန်လှဦးက ပြောသည်။

“ အခုလောလောဆယ်မှာတော့ မငတ်သေးဘူး။ ဒါပေမယ့် အရမ်းကို စားဝတ်နေရေးအခက်အခဲကတော့ ဖြစ်နေတယ်။ အရင်နှစ်တွေကဆိုရင် မိန်းမတစ်ယောက်လုပ်အားဟာ တစ်လဆိုလျှင်ဆိုရင် ခုနှစ်သောင်း ရတယ်။ ရှစ်သောင်းရတယ်။ ယောကျ်ားတစ်ယောက်ဆိုရင် တစ်သိန်းခွဲ၊ နှစ်သိန်းလောက်ရတယ်။ အခုက စီးပွားရေးအဆင်မပြေလို့ ရေလုပ်ငန်းပိုင်ရှင်တွေကလည်း လုပ်ကိုင်သူတွေ နည်းလာတဲ့အတွက် ကျနော်တို့လို့ ဆင်းရဲသားပြည်သူတွေက အဓိက အခက်အခဲဖြစ်နေတယ်။ မိသားစုများတဲ့လူတွေဆိုရင် ပိုပြီးတော့ အခက်အခဲဖြစ်တယ်” ဟုဖြစ်သည်။

ယခုလိုမျိုး စီးပွားရေးအခက်အခဲများ ဆက်လက်ဖြစ်နေမည်ဆိုလျှင် ရေလုပ်ငန်းကို အဓိက အားကိုးပြီး လုပ်ကိုင်စားသောက်နေရသော မြေငူကျွန်းဒေသခံများအတွက် အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့ လာနိုင်ကြောင်း ပြိုင်တောင်ကျေးရွာမှ ဦးဗိုလ်တင်အောင်က ပြောသည်။

“ ကျနော်လည်း ရေလုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့ လူတစ်ယောက်ဖြစ်တယ်။ တိုင်းပြည် အခြေအနေ ကလည်း မကောင်းဘူး။ ကိုဗစ်ရောဂါလည်းဖြစ်နေတယ်ဆိုတော့ လုပ်ကိုင်ရတာတွေက အဆင်မပြေဘူး။ ငါးတွေက ရောင်းလို့လည်းမကောင်းဘူး။ စျေးလည်းမရဘူး။ လုပ်ငန်းတွေ အဆင်မပြေတဲ့ အတွက် ကျနော်တို့ကလည်း မနှစ်ကလို့မျိုး အလုပ်သမားတွေကို ပိုက်ဆံပေးဖို့အတွက်ကလည်း အဆင်မပြေ ဖြစ်နေတယ်။ ဒီအတိုင်းသာဆက်ပြီးသွားနေမယ်ဆိုလို့ရှိရင် ကျနော်တို့ မြေငူကျွန်းတစ်ကျွန်းလုံး ထမင်းငတ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ရခိုင်ပြည်နယ် ကျေးလက်တောရွာများတွင် ရေလုပ်သားများ စီးပွားရေး အခက်ကြုံနေရသော်လည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ တစ်ကြိမ်တစ်ခါမျှ လာရောက်စစ်ဆေးမေးမြန်းခြင်း၊ ရေလုပ်သားများ၏ အခက်အခဲများကို မည်သို့ မည်ပုံ ချဉ်းကပ်ဖြေရှင်းမည့် နည်းလမ်းများကို ရှာဖွေ အကြံပြုမှုများလည်း မရှိကြောင်း ၎င်းတို့က ပြောသည်။

ပေါက်တောမြို့နယ်၏ အနောက်ဖရုံကာကျွန်း (မြေငူကျွန်း) ဒေသသည် ရေထွက်သားငါးပုဇွန်များကိုသာမက ငါးခြောက်လုပ်ငန်းကိုလည်း အကြီးအကျယ်လုပ်ကိုင်ကြပြီး အနယ်နယ်အရပ်ရပ်သို့ တင်ပို့သည့် ဒေသတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ