ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောင်းဘွေကျေးရွာအနီး ကွမ်းသီးခြံအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခြံပိုင်ရှင်အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီး ကွမ်းသီးခြံအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းခြံပိုင်ရှင် ရဲစခန်း၌ အမှုဖွင့်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာ ၂ဝ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မြောင်းဘွေကျေးရွာအနီးရှိ ဦးအောင်မြင့်၏ ကွမ်းသီးစိုက်ခင်းအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ခြံအတွင်း ကွမ်းသီးကောက်နေသည့် မူဆလင် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားပြီးနောက် ယင်းနေ့ ညနေ ၇ နာရီခန့်တွင် ခြံပိုင်ရှင် ဦးအောင်မြင့် မြောင်းဘွေရဲစခန်း၌ အမှုဖွင့်ခံလိုက်ရခြင်းဖြစ်ကြောင်း မြောင်းဘွေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေက ပြောသည်။

ဦးမောင်သောင်းရွှေက “မိုင်းပေါက်ကွဲပြီးတဲ့နောက် ညနေပိုင်းမှာ သူ့ကို မေးမြန်းစရာရှိတယ်ဆိုပြီးတော့ ရဲစခန်းက အကြောင်းကြားလို့ သွားရုံပါ။ အခုတော့ အမှုဖွင့်ခံထားရတာလို့ သိရပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က မင်းပြားမြို့နယ်၊ ဟာရပိုင် (မူဆလင်) ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မောင်ဒါအူခန်မှာ ဦးအောင်မြင့်၏ ကွမ်းသီးခြံအတွင်း ကွမ်းသီးကောက်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

လက်ရှိတွင် ဦးအောင်မြင့်အား မြောင်းဘွေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း၊ အမှုဖွင့်ထားသော်လည်း မည်သည့်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို ၄င်းအနေဖြင့် မသိရသေးကြောင်း ဦးမောင်သောင်းရွှေက ဆက်ပြောသည်။

“သူအခု ရဲစခန်းက အချုပ်ထဲမှာပါ။ မြောင်းဘွေရဲစခန်းမှာ ရဲက အမှုဖွင့်တာလို့ သိရပါတယ်။ သူ့မှာက အဲဒီကွမ်းသီးခြံနဲ့လုပ်စားပြီး ဒီမှာနေတာပေါ့။ သူ့ရဲ့မိန်းမကလည်း ကျောက်တော်ဘက်မှာ နေတာ။ အဲဒီ ကွမ်းသီးခြံမှာ မူဆလင်ကောင်လေးတွေကို အလုပ်သမားအဖြစ် ငှားပြီး အလုပ်လုပ်ရင်းနေတာ။ မနေ့က မိုင်းပေါက်ကွဲလို့ အဲဒီကောင်လေးမှာ ညာဘက်ခြေ ဒူးအောက်ပိုင်းဘက်ကနေ ပြတ်သွားတယ်။ မြောင်းဘွေဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ရက်ပေါင်း ၂ဝ ကျော်ခန့်က မင်းပြားမြို့နယ်ဘက်မှ ဆင်းလာသည့် တပ်မတော်စစ်ကြောင်းတစ်ခုမှာ အဆိုပါ ဦးအောင်မြင့်၏ ခြံအတွင်း ၂ ည ကြာ နေခဲ့ကြောင်း ယခု မြောင်းဘွေရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသူလည်းဖြစ်၊ ကွမ်းသီးခြံ ပိုင်ရှင်လည်းဖြစ် ဦးအောင်မြင့်က ယမန်နေ့ နေ့လယ်ပိုင်းက နိရဥ္စရာနှင့် ဖုန်းအင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “အဲဒီ မိုင်းပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အောင်မြင့်ကို မြောင်းဘွေရဲစခန်းက ခေါ်တယ်လို့ သိရပါတယ်။ ခေါ်သွား ပြီးတော့ ပထမက အောင်မြင့်နဲ့ မိသားစုနဲ့ အဆက်သွယ်ရကြသေးတယ်။ နောက်တော့ အဆက်သွယ် မရတော့ဘူးလို့ သိရပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးအောင်မြင့်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အားသိလို၍ မြောင်းဘွေရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ မြောင်းဘွေရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက ၄င်းအနေဖြင့် ယင်းကိစ္စအား မသိကြောင်း ပြောကာ ဖုန်းချသွားသဖြင့် ယနေ့ နံနက် ၁၁ နာရီခန့်က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် သေးသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

( ဓာတ်ပုံ-မိုင်းပေါက်ကွဲ၍ ဒဏ်ရာရသွားသည့် မူဆလင်ကလေးငယ်အားတွေ့ရစဉ်)

ဆက်စပ် သတင်းများ