သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် အစိုးရ ကိုဗစ်ထောက်ပံ့ငွေ မရရှိကြသည့် ဒေသခံအချို့ဆန္ဒထုတ်ဖော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းအုပ်စုမှ ဒေသခံများသည် ကိုဗစ်ကာလ အစိုးရမှထောက်ပံ့ငွေ မရရှိကြသည့် ယနေ့ နေ့လယ်ပိုင်းက ဆန္ဒထုတ်ဖော်ကြကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ် ၁ နာရီခန့်က ကျောက်မြောင်းကျေးရွာအုပ်စုမှ လင်ပန်းကျကျေးရွာသားများနှင့် ကျောင်းမြောင်း ကျေးရွာသား စုစုပေါင်း ၁၃ဝ ခန့်က ကျောက်မြောင်းအုပ်စု အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ကြကြောင်း အမ်းမြို့မှ လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောသည်။

 “အုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေး တချို့ကိုပေးပြီး တချို့ကို မပေးဘူး။ အဲဒီမှာ ကျောက်မြောင်းရွာသားတွေနဲ့ လင်ပန်းကျက ရွာသားတွေ ဆန္ဒထုတ်ဖော်ကြတာ။ အဲဒီမှာ ‘အခြေခံ လူတန်းစားထောက်ပံ့ငွေတန်းတူ ရရှိရေး’ ဆိုတဲ့အချက်ကို ကြွေးကြော်ပြီး တောင်းဆိုကြတာ။ ကျောက်မြောင်းအုပ်စုက တခြားရွာတွေကလည်း မရကြဘူး။ ဒါပေမယ့် တစ်ရွာနဲ့တစ်ရွာ အလှမ်းဝေးတာကြောင့် ဆန္ဒပြတဲ့အထဲ ကျောက်မြောင်းနဲ့ လင်ပန်းကျပဲ ပါတာပေါ့။ ” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုဗစ်ကာလ ထောက်ပံ့ကြေးအား ကျေးရွာအုပ်ချုပ်ရေးမှူးက နီးစပ်ရာဆွေမျိုးတော်စပ်သူများကိုသာ ပေးကာ အခြေခံလူတန်းစားများမှာ ထောက်ပံ့ကြေးမရရှိကြ၍ တန်းတူအခွင့်ရေးကို ရရှိရန်အတွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် လင်ပန်းကျကျေးရွာမှ မခိုင်မြတ်ဇော်က ပြောသည်။

“အိမ်ခြေ ၃ဝဝ ကျော်မှာ သူ့ရဲ့ ဆွေမျိုးတော်စပ်၊ နီးစပ်ရာလူတွေကိုပဲ တစ်အိမ်ကို နှစ်သောင်းစီပေးတယ်ပေါ့။ အိမ်ထောင်စု ငါးဆယ်လောက်ပဲ ပေးတယ်။ အိုးမရှိ၊ ခွက်မရှိတဲ့သူတွေကျတော့ တစ်ပြားမှ မရဘူး။ အဲဒါကြောင့် တန်းတူအခွင့်ရေးရဖို့အတွက် ဆန္ဒပြတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်မြောင်းကျေးရွာတွင် အိမ်ထောင်စု ၆ဝဝ ခန့်အား ထောက်ပံ့ကြေး သုံးသောင်းခွဲပေးကာ လင်ပန်းကျကျေးရွာတွင် အိမ်ထောင်စု ၅ဝ ခန့်ကို ထောက်ပံ့ကြေး နှစ်သောင်းသာ ပေးသည်ဟု ဒေသခံများ ပြောဆိုသောကြောင့် ကျောက်မြောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် ကျောက်မြောင်းအုပ်စုရှိ ရာအိမ်မှူးများ တင်ပြလာသည့် စာရင်းအရ ထောက်ပံ့ကြေးပေးရခြင်းဖြစ်ကြောင်း ပြောသည်။

“ထောက်ပံ့ကြေးက အိမ်ထောင်စုတိုင်းကို ပေးတာ မဟုတ်ပါဘူး။ သူတို့က ပြည်သူလူထု လက်လုပ်လက်စား သမားတွေကို ပေးတော့မယ်ဆိုကတည်းက ကျွန်တော်တို့ကို အချက် ၁၆ ချက်ညီမှ ထောက်ပံ့ကြေး ပေးရမှာ ဆိုပြီးပေါ့။ အဲဒီမှာ လယ်ပိုင်တဲ့သူ၊ စက်လှေရှိတဲ့လူ၊ ရေလုပ်ငန်းလုပ်စားနေသူ၊ ကုန်စုံဆိုင်ရောင်းနေသူ၊ အစိုးရဝန်ထမ်း အဲဒီအိမ်ထောင်စုတွေက ထောက်ပံ့ကြေး မရဘူးဆိုပြီးတော့ပေါ့။ အဲဒီမှာ ရွာကိုယ်စီက အုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ပြီး ဥပမာ လင်ပန်းကျက အဲဒီ အချက် ၁၆ ချက်နဲ့ညီတဲ့ အိမ်ထောင်စုက ၅ဝ ရှိတယ်ဆိုပြီး စာရင်းပေးလာရင် ကျွန်တော်က အဲဒီလောက်ပဲ တင်ခွင့်ရှိတာပါ။ ပြီးတော့ ကျွန်တော့်ဘက်က ကျေးရွာတာဝန်ခံတွေကို တစ်အိမ်ထောင်ကို လေးသောင်း၊ ဆီ ၂ လီတာစီကို အပြတ်အသတ် ပေးအပ်ထားပြီးပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

ထောက်ပံ့ငွေပြည်ပြည့်ဝ မရခြင်းမှာ စာရင်း မပါသည့် အိမ်များကိုလည်း မျှမျှတတဖြစ်အောင်ခွဲဝေပေးရ၍ ဖြစ်ကြောင်း ပြောဆိုသည်။  

“တစ်အိမ်ထောင်ကို ၃ သောင်းခွဲစီပေးတယ်၊ နောက်တစ်ရွာမှာက ၂ သောင်းစီ ပေးတယ်ဆိုတာကလည်း မရတဲ့ အိမ်ထောင်စုတွေအတွက်ပါ မျှမျှတတဖြစ်အောင်လို့ပါ။ အကုန် မျှပေးတယ်။ တင်ပြထားတဲ့ အိမ်ထောင်စု ၅ဝ ဆိုရင် အဲဒီ ၅ဝ ဘဲ ရတာမဖြစ်စေရအောင် တခြား အိမ်ထောင်စုအနည်းငယ်ကိုပါ မျှပေးမယ်ဆိုပြီး ခွဲပေးတဲ့သဘောပါ” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဆန္ဒပြကြသည့် လူအုပ်စုမှာ တောင်းဆိုချက်များ တောင်းဆိုပြီး  ယနေ့ နေ့လယ် ၂ နာရီခန့်က လူစုကွဲသွားကြကြောင်း သိရသည်။

ကျောက်မြောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၁ ရွာရှိပြီး လက်လုပ်လက်စား အိမ်ထောင်စုအများစုမှာ ထောက်ပံ့ငွေ မရကြဟု သိရသည်။

ဆက်စပ် သတင်းများ