ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တစ်လကျော်ကြာလျှပ်မီးမရသည့် မောင်တောနှင့်ဘူးသီးတောင်တွင် မီးပြန်လည်ရရှိရေး ပြတ်တောက်မဟာဓာတ်အားလိုင်းမီးကြိုး ယနေ့စတင်ပြုပြင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5k

ခိုင်လူလှ(ရိုးမမြေ)

နိရဥ္စရာ၊ နိုဝင်ဘာ၂၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောနှင့် ဘူးသီးတောင်တို့တွင် လျှပ်စစ်မီး မရရှိသည်မှာ တစ်လ ကျော်ရှိနေပြီဖြစ်ပြီး ယနေ့တွင် ပြတ်တောက်နေသည့် လျှပ်စစ်မီးကြိုးကို ပြန်လည် ပြုပြင်သွားမည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်လျှပ်စစ်မှူး ဦးသန်းဦးက “ ပုဏ္ဏားကျွန်းမြို့ မဟာဓာတ်အားလိုင်းက အေအီး ဦးသိန်းရွှေဦးဆောင်ပြီး ဝန်ထမ်းတွေ ပြင်ဆင်ဖို့ ဒီနေ့ မနက်က ရေလမ်းကြောင်းကနေ ထွက်ခွာသွားပါပြီ။ ရသေ့တောင်ကနေ ဒီနေ့ထွက်သွားပါပြီ။ ဒီကနေ့ စပြင်ပါတယ်။ ထီးစွဲကို ထွက်သွားပါတယ်။ အဆင့်ဆင့် ဆက်သွယ်မှုတွေလုပ်ပြီးသွားကြရတာပါ ” ဟု ပြောသည်။

၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရသေ့တောင်မြို့နယ် ထီးစွဲနှင့် အောင်သာစည် အကြားရှိ မောင်တောနှင့် ဘူးသီးတောင်သို့ ပေးဝေနေသည့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကြိုးသည် လက်နက်ကြီးကျည်ကျပြီး ပြတ်တောက်သွားခဲ့သည်။ 

ထိုသို့ လျှပ်စစ်မီးပြတ်တောက်သွားခဲ့သဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးထွန်းလှစိန် (မောင်တော)၊ ဦးမောင်အုန်း(မောင်တော)၊ ဒေါက်တာဇော်ဇော်မြင့် (ဘူးသီးတောင်)နှင့် ဦးထွန်းအောင်သိန်း (ဘူးသီးတောင်) တို့မှ ရခိုင်ပြည်နယ် လွှတ်တော်မှ တစ်ဆင့် ပြည်နယ်အစိုးရသို့ လျှပ်စစ်မီး ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန် နိုဝင်ဘာ ၁၂ ရက်နေ့က မေတ္တာရပ်ခံခဲ့သည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “ ဒီမှာ လျှပ်စစ်မီးမရတာ တစ်လကျော်လာတော့ အကုန်လုံးအခက်အခဲဖြစ်နေကြတယ်။ လျှပ်စစ်မီးကို အသုံးပြုပြီး လုပ်ကိုင်နေကြတဲ့ လုပ်ငန်းဟူ သမျှ ရပ်တန့်သွားခဲ့တယ်။ တချို့ က မီးစက်တွေကိုယ်ပိုင်ဝယ်ပြီး လုပ်ငန်းတွေ လည်ပတ်ဖို့ ကြိုးစားကြပေမယ့် ကြလာတော့ ဆီဖိုးနဲ့ မတတ်နိုင်ကြဘူးလေ။ ဆေးရုံတွေ၊ ရုံးတွေ၊ ဌာနဆိုင်ရာတွေက အစ ပုဂ္ဂလိက လုပ်ငန်းတွေ အကုန်လုံးထိခိုက်ကုန်တယ်။ ဒါကြောင့် အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး လျှပ်စစ်မီးကြိုး ပြတ်တောက်နေတာကို ပြန်ပြင်ပေးဖို့ တောင်းဆိုခဲ့ရတာဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ယနေ့တွင် လျှပ်စစ်မီးကြိုးကို ပြန်လည် ပြုပြင်မည်ဖြစ်ပြီး ပျက်စီးသွားသော ပမာဏ အပေါ်တွင် မူတည်ပြီး ရက်မည်မျှကြာမည်ကို သိရမည်ဟုဆိုသည်။ 

လာမည့် တစ်ရက်နှစ်ရက်အတွင်း လျှပ်စစ်မီး ပြန်လည်ရရှိမည်ဟု မျှော်လင့်ရကြောင်း ၎င်းတို့က ပြောဆိုသည်။

၄င်းအပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲကြောင့် လျှပ်စစ်ကြိုးပြတ်ကျသည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ထိမှန်ကာ လျှပ်စစ်မီးတိုင် ပျက်စီးခဲ့သည့်အတွက် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောင် စတဲ့ မြို့နယ် ၃ ခု မှာ ၂ဝ၂ဝ ဧပြီလ ၂ ရက်မှ  ၂၂ ရက်နေ့အထိ ရက် ၂ဝ အကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။

သြဂုတ်လ ၂၄ ရက်နေ့ကလည်း အလားတူဖြစ်ပွားခဲ့သည့်အတွက် မောင်တောနှင့် ဘူးသီးတောင်တွင် လေးရက်ကြာမီးပြတ်တောက်ခဲ့သည်။



ဆက်စပ် သတင်းများ