Preview

ရခိုင်တွင်တိုက်ပွဲများလျော့ကျပြီး ကိုဗစ်ဖြစ်ပွားမှုတိုးလာ၍ လုံခြုံရေးအကြောင်းပြပိတ်ထားသည့် အင်တာနက် 4Gကို ဖွင့်ပေးရန်အချိန်တန်ပြီဟုဆို

နိုဝင်ဘာ ၂၃/ ၂၀၂၀ | ကြည့်ရှုသူ :3107
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ နိုဝင်ဘာ ၂၃/ ၂၀၂၀

ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားနှုန်းတိုးလာပြီး လူအသေပျောက်လည်းများလာသကဲ့သို့ တိုက်ပွဲ ဖြစ်ပွားမှုမှာလည်း လျော့ကျနေပြီဖြစ်သဖြင့် လုံခြုံရေး အကြောင်းပြပြီး ပိတ်ထားသည့် အင်တာနက် 4G ကို အမြန်ဆုံး ပြန်ဖွင့်ပေးရန် အချိန်တန်နေပြီဖြစ်ကြောင်း ဒေသခံ ရခိုင်အဖွဲ့အစည်းတာဝန်ရှိသူများက ပြောကြားသည်။ 

၇ခိုင်ကိုဗစ် ၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ အတွင်းရေးမှူး ကိုဇော်လှိုင်ထွန်းက အင်တာနက် မရရှိသည့် နေရာအချို့တွင် ကိုဗစ် ကူးစက်မှုနှုန်းမြှင့်မားလာနေသဖြင့် အချိန်နှင့်တပြေးညီ သတင်းများ သိရှိနိုင်ရန် ခက်ခဲမှုများ ရှိနေ၍ အင်တာနက်ပြန်ဖွင့်ပေးရန် လိုအပ်နေကြောင်းပြောသည်။

“အင်တာနက်မရရှိတဲ့နေရာက ဒေသခံတွေအနေနဲ့ ဘယ်နေရာမှာ ကိုဗစ်ကူးစက်မှုက ဘယ်လိုရှိနေတယ်။ ဘာတွေကို ဆောင်သင့်တယ်။ ရှောင်သင့်တယ်ဆိုတာတွေကို အချိန်နဲ့တပြေးညီမသိနိုင်ဘူး။ ကျွန်တော် တို့လည်း မြို့နယ်တွေက ကိုဗစ်စောင့်ကြည့်ရေးလုပ်နေကြတဲ့အဖွဲ့တွေနဲ့ချိတ်ဆက်တဲ့အခါမှာ သတင်း အချက်အလက်တွေ ရရှိဖို့ ခက်ခဲတယ်။ ရသေ့တောင်နဲ့ ကျောက်တော်မှာဆိုရင်ကိုဗစ်လူနာတွေ တိုးလာတယ်။ အင်တာနက် မရတော့ လုပ်ကိုင်၇တာ အခက်အခဲတွေများနေတယ်။  အင်တာနက်ပြန်ဖွင့်ပေးဖို့ ပြေချင်တယ်” ဟုပြောသည်။

အင်တာနက် 4G မရရှိသည့်မြို့များထဲမှ ၇သေ့တောင်မြို့နယ် နှင့် ကျောက်တော်မြို့နယ်တို့တွင် နိုဝင်ဘာ ၂၁ ရက်နေ့က ကိုဗစ်လူနာဦးရေတိုးလာနေပြီး ၇ခိုင်ပြည်နယ်တစ်ခုလုံးတွင် အတည်ပြုလူနာ ၃၃၃၅ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၃၀၉၇ ဦးနှင့်သေဆုံးသူ ၂၇ ဦးထိရှိလာနေကြောင်း သူကဆက်ပြောသည်။

ရခိုင်တိုင်းရင်းသာမျိုးနွယ်များအစည်းအရုံး(REC)၏ အတွင်းရေးမှူးကိုဇော်ဇော်ထွန်းက “ တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေရှိတဲ့အတွက် အင်တာနက်ကို ပိတ်ရတယ်လို့ ပြောတယ်။ အခုက တိုက်ပွဲတွေ ရပ်နေတာကိုတွေ့နေရတယ်။ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေတဲ့ ထုတ်ပြန်ချက် တွေကိုလည်း ကြားနေရတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲအလွန်မှာ ကိုဗစ်ကူးစက်မှုတွေက များလာတာ တွေ့ရတယ်။ အခုအခြေအနေမှာ သတင်းအချက်အလက်ရရှိဖို့ အင်တာနက်ကို ဖွင့်ပေးဖို့ဆိုရင် ဖွင့်ပေးသင့်ပြီလို့ မြင်တယ်” ဟုပြောသည်။

၂၀၁၉ ခုနစ်ဇွန်လကစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဘူးသီးတောင်၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့နှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်တို့တွင် အင်တာနက် 4G အဆင့်ကို ပိတ်ထားခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။

ကျောက်တော်မြို့နယ် ကဝိရတနာစစ်ဘေးရှောင်စခန်းမှ မခင်သန်းက “ ဟိုတလောကပဲ ကျွန်မတို့ စစ်ဘေးရှောင်စခန်းက ကိုယ်ခန္ဓာဖော့ရောင်နေတဲ့ အဘွားတစ်ယောက်ကို ဆေးခန်းသွားပြတော့ စစ်တွေဆေးရုံကို ယူသွားတယ်။ ကိုဗစ်ဖြစ်တယ်ပြောတာပဲ။ ပြန်ကောင်းလာတာပဲ။ ကျွန်မတို့ အဲဒီရောဂါနဲ့ ပတ်သက်လို့ သိပ်မသိဘူး။ ကျွန်မတို့ဖုန်းတွေလည်း သုံးလို့မရဘူး။ အင်တာနက်လိုင်းက မရတော့ ဖုန်းကို ဘာလုပ်မလဲ။ အင်တာနက်ရမှ သိရမှာဘယ်နေရာမှ ဘာဖြစ်နေတယ်ဆိုတာကို။ တစ်ခါတလေ အဲဒီ ရောဂါအကြောင်း ဆရာမတွေလာပြီးရှင်းပြပေမယ့် ကျွန်မတို့က ဒီလောက်ဘဲ သိ၇တယ်” ဟုပြောသည်။

သူမတို့အနေဖြင့် ကိုဗစ် ၁၉ ရောဂါအခြေအနေများအား အင်တာနက်မရှိသည့်အတွက် ရောဂါနှင့် ပတ်သက်သည့် အချက်အလက်များအား သိရှိခြင်းလုံး၀ မရှိကြောင်း ပြောသည်။

ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ၂၀၂၀ သြဂုတ်လ ၁ ရက်နေ့က ၇ခိုင်မှ အင်တာနက် လုံး၀ပိတ်ထားသည့် မြို့နယ်များတွင် 2G(E) စနစ်ဖြင့် အင်တာနက်ပြန်ဖွင့်ပေးခဲ့သည်။

2G အင်တာနက် အဆင့်ဖြင့် အီးမဲလ်(Email) ပို့ရန်၊ ဓာတ်ပုံများပါသော သတင်းများကို ကြည့်ရန်နှင့် ဝက်ဆိုက်(Webiste) များ ဖွင့်ရန် အခက်အခဲများရှိနေဆဲဖြစ်သည်ဟု သိ၇သည်။


#အင်တာနက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.