ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာမှ စက်တင်ဘာ ၃ ရက်နေ့ ညနေက နေအိမ်အများအပြား မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာများတွင်ရေးသားမှုမှာ မြေပြင် အနေအထားနှင့် ကွဲလွဲမှုရှိနေသဖြင့် ၎င်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ပြန်ကြားရေး ဝန်ကြီးဌာနသို့ အမှားပြင်ဆင်ချက် ပြုလုပ်ပေးရန် စာရေး တင်ပြခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် သုံးဦးသို့ စာရေး အကြောင်းပြန်ကြားလာခဲ့သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ အကြောင်းပြန်စာတွင် “ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့် တောင်ပေါက် ကျေးရွာတို့တွင် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် သတင်းဖော်ပြမှုအပေါ် လိုအပ်သလို ပြန်လည်သုံးသပ်ပေးပါရန် အကြောင်း ကြားလာသည့် ရည်ညွှန်းစာကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကောင်းမွန်စွာ လက်ခံ ရရှိခဲ့ပါသည်။ သတင်းဖော်ပြရာတွင် မှန်ကန်တိကျမှုရှိစေရေး၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဖော်ပြရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံပြောကြားထားပြီး ဖြစ်ပါကြောင်းနှင့် ယင်းသတင်း၏ မူလရင်းမြစ် ထံသို့လည်း ယခုကဲ့သို့ အကြောင်းကြားလာမှုကိုသိရှိပြီး လိုအပ်သလို ဆောင်ရွက်နိုင်ရေး ပေးပို့ ထားပါကြောင်း အသိပေးပြန်ကြားအပ်ပါသည်” ဟု ရေးသားဖော်ပြထားသည်ဟု သိ၇သည်။
ကျောက်တော်မြို့နယ် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာ မီးရှို့ခံ၇မှုနှင့်ပတ်သက်ပြီး စက်တင်ဘာ ၉ ရက်နေ့က ကြေးမုံသတင်းစာတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချကို် ကိုးကား ပြီး အောက်ပါအတိုင်း သတင်းဖော်ပြခဲ့သည်။
“ လူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်တော်မြို့နယ် ဘုရားပေါင်းနှင့် တောင်ပေါက် ရွာတို့အား တပ်မတော်က ရွာလုံးကျွတ်မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများအား အဖွဲ့အစည်းတချို့က လုပ်ကြံ သတင်းများ ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ကျောက်တော်မြို့နယ် အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်နေ့တွင် မြို့တွင်း လုံခြုံရေးဆောင်ရွက်ပြီး အပေါက်၀ ရဲစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်နှင့် ဘုရားပေါင်းကျေးရွာ ပတ်ဝန်းကျင်၌ AA အဖွဲ့ဝင်များက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ရာ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင်နှစ်ဦးအား လက်နက် ခဲယမ်းများနှင့် အတူ အသေ ပစ်ခတ်ဖမ်းဆီး၇မိခဲ့သည်ကို စက်တင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း” ဖော်ပြခဲ့သည်။
၎င်းအပြင် “ လူမှုကွန်ရက် သတင်းမှားများအား စိစစ်နိုင်ရေးအတွက် စက်တင်ဘာ ရ ရက်နေ့ ညပိုင်း ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာအတွင်း မီးလောင်ကျွမ်းခဲ့မှုအခြေအနေအား မြေပြင်စစ်ဆေးမှုများ၊ ဒရုန်းများဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်း မဟုတ်ဘဲ လူနေအိမ် တချို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူတချို့၏ ပြောပြချက်အ၇ AA အနေဖြင့် ၄င်းတို့အပေါ်ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရှိ၇ကြောင်း” ဖော်ပြထားသည်။
၎င်း မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင် သတင်းဖော်ပြချက် မြေပြင်အခြေနေနှင့် ကွဲလွဲမှုရှိနေသဖြင့် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တို့က ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က စာရေး တင်ပြခဲ့ကြကြောင်း ဦးဦးထွန်းဝင်းက ပြောသည်။
“ စက်တင်ဘာ ၉ ရက်နေ့က အဲဒီ အစိုးရ မီဒီယာတွေကဖော်ပြတာဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှု ရှိနေတယ်။ ဒါကြောင့် အမှားပြင်ဆင်ချက်နှင့်အညီ ပြန်ဖော်ပြပေးစေလိုတယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့က စာရေးအကြောင်းကြားခဲ့တယ်။ ၂ လ ကျော်နောက်ပိုင်း မနေ့ကတာ့ ကျနော်တို့ရေးတဲ့ စာအပေါ်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက အကြောင်းပြန်လာတာဖြစ်ပါတယ်” ဟု ပြောဆိုသည်။
နိုင်ငံပိုင်သတင်းစာများအနေဖြင့် အခြေအနေ တစ်ခုခုကြောင့် သတင်းမှန်ကို မဖော်ပြနိုင်လျှင်တောင်မှ သတင်းများကို မှားယွင်းဖော်ပြခြင်းမျိုးမပြုလုပ်သင့်ကြောင်း ဦးဦးထွန်းဝင်းက ပြောဆိုသည်။
“အကြောင်းမျိုးမျိုးကြောင့် အမှန်ကို မဖော်ပြရင်တောင် သတင်းအမှားကိုတော့ မဖော်ပြသင့်ဘူး။ ဒီလို ထုတ်ပြန်ခဲ့ရင်လည်း ဒါဟာ မှားယွင်းထုတ်ပြန်မိတယ်ဆိုတာကိုတော့ ပြည်သူကို အဲဒီ မက်ဆေ့ချ်ကိုတော့ ပြန်ပေးသင့်တယ်။ ဒါမှလည်း နိုင်ငံပိုင်မီဒီယာတွေဟာ တကယ့်ကို မီဒီယာကျင့်ဝတ်နဲ့ ညီတယ်။ သိက္ခာ ရှိတယ်လို့ ပြည်သူတွေက ယူဆမယ်။ ခုလို တုံ့ပြန်မှုရလို့တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့တော့ ပြီးသွားလို့ရလောက်မယ့် ကိစ္စမျိုးလိုတော့ မထင်ပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။
အလားတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှလည်း ယမန်နေ့က အကြောင်းပြန်ကြားခဲ့ကြောင်း၊ ၎င်းအကြောင်းပြန်ကြားစာတွင် စက်တင်ဘာ ၂၆ ရက်နေ့က တင်ပြချက်နှင့် ပတ်သက်၍ လိုအပ်သလို စိစစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ စုံစမ်းမေးမြန်းထားကြောင်း ရေးသားဖော်ပြထားသည်ဟု သိ၇သည်။
ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေ ရ နာရီခန့်တွင် ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခုက နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ ရွာသားများ ကိုလည်း အိမ်များမီးရှို့ရန် အိမ်ပြင်သို့ ခြောက်လှန့်မောင်းထုတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရွာသားများက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်မူ ၎င်းရွာကို AA အဖွဲ့က မီးရှို့ကြောင်း ဖော်ပြထားသည်။
ထိုသို့ မီးရှို့ခံရမှုကြောင့် ဘုရားပေါင်းတွင် အိမ်ခြေ ၁၁၀၊ တောင်ပေါက်တွင် အိမ်ခြေ ၆၉ ဆောင် မီးလောင်ပျက်စီးသွားကြောင်း ကျေးရွာသားများပြောပြချက်အရ သိ၇သည်။