Preview

AA ကိုလူပို့သည့်စွဲချက်ဖြင့် အကြမ်းဖက်ပုဒ်မတပ်တရားစွဲခံရသူ မြေပုံမြို့မှရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားတစ်ဦးတို့လွတ်မြောက်လာ

နိုဝင်ဘာ ၂၅/ ၂၀၂၀ | ကြည့်ရှုသူ :2503
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်ကျွန်း)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅ / ၂၀၂၀

ရက္ခိုင့်တပ်တော် (AA)သို့ လူပို့သည့်စွဲချက်ဖြင့် အကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၂ (က)တပ်ကာ တရားစွဲခံခဲ့ရသည့် မြေပုံမြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သဲတန်းရပ်ကွက်မှ အရပ်သားတစ်ဦးတို့ကို  စွဲချက်မတင်မီ  မြောက်ဦးခရိုင်တရားရုံးက ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် သဲတန်းရပ်ကွက်မှ ဆိုင်သည် ဦးတင်ထွန်း ဖြစ်ကြပြီး ယမန်နေ့က လွတ်မြောက်လာကြခြင်းဖြစ်သည်။

မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က “ မနေ့က ကျနော်တို့ကို ရုံးတင်တယ်။ ကျနော်တို့ နှစ်ယောက်ကို ရုံးတင်တဲ့အချိန်မှာ စစ်ဆေးတာတွေတော့ မရှိတော့ဘူး။ အမှုနဲ့ ငြိစွန်းမှုမရှိဆိုပြီးတော့ ကျနော်တို့နှစ်ယောက်ကို လွှတ်ပေးလိုက်တာဖြစ်တယ်။ ကျနော်တို့ကို အမှုဖွင့်တာကတော့ AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အကြမ်းဖက်မှုနဲ့ အမှုဖွင့်တာပါ” ဟု ပြောသည်။

ဦးကျော်မြင့်မှာ ကရာတေးသင်တန်းပြဆရာတစ်ဦးဖြစ်သဖြင့် လူငယ်များအား ကရာတေးသင်တန်းပြပြီး AA ကို ပို့ဆောင်သည်ဟု စွပ်စွဲချက်ကာ တရားစွဲဆိုခြင်းတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကျော်မြင့်ကို ၂၀၂၀ခုနှစ် မေလ ၃၁ ရက်နေ့က ဖမ်းသွားခဲ့ခြင်းဖြစ်ပြီး ဦးတင်ထွန်းကို ဇွန်လ ၄ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ တရားရုံး ၁၀ ကြိမ်ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိ၇သည်။

သဇင်ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေးရုံးမှ ဒါရိုက်တာ ရှေ့နေ ဦးငြိမ်းချမ်းက “ သူတို့ နှစ်ယောက် စလုံးကိုတော့ အကြမ်းမှုဖက်နဲ့ စွဲတာဖြစ်တယ်။ သူတို့ကိုစွဲထားတာတော့ကြာပြီး ၄ လလောက်ရှိပြီး။ သူတို့ နှစ်ယောက်လုံးကို ပုဒ်မ ၅၀ (ည)၊ ၅၂ (က) နဲ့ စွဲတာ။ သူတို့ကို စွဲတာကတော့ ၇ လပိုင်း ၂၁ ရက်နေ့ကနေ မြောက်ဦးခရိုင်တရားရုံးမှာ စွဲထားတာဖြစ်တယ်။ မနေ့ကတော့ ကျနော်တို့ သဇင်ကလိုက်ပါတဲ့ သူတို့ နှစ်ယောက်လုံး လွတ်လာတယ်။ စွဲချက်မတင်ဘဲ လွတ်လာတာဖြစ်တယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြောက်နယ်တွင် ယခုနှစ် မေလ လကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းတို့တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူး ၃ ဦးဖမ်းဆီးခံခဲ့ပြီး ထိုအထဲတွင်  မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ပါဝင်သည်။

ဆက်လက်ဖမ်းဆီးခံထားရသော မြေပုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ ဦးအောင်သန်းနှင့် အငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်တို့ဖြစ်ကြောင်း သိရှိ၇သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲခံထား၇သူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁ မှုရှိကြောင်း သိရှိ၇သည်။

အကြမ်းဖက်မှုဖြင့် အမှုဖွင့်ခံထားရသည့် အမှုများမှာ ကျောက်ဖြူခရိုင်တွင် ၁၉ မှု၊ မြောက်ဦးခရိုင်တွင် ၃၅ မှု၊ မောင်တောခရိုင်တွင် ၃ မှု၊ စစ်တွေခရိုင်တွင် ၃၃ မှုနှင့် သံတွဲခရိုင်တွင် ၁ မှုတို့ဖြစ်ကြောင်း သိရှိ၇သည်။

တရားစွဲဆိုခံရသူများမှာ ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ မောင်တောခရိုင်တွင် ၄ ဦး၊ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ သံတွဲခရိုင်တွင် ၄ ဦးတို့ဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေးရုံးမှတဆင့် သိရှိ၇သည်။

အဆိုပါအမှုများထဲမှာ ၁၉ မှုမှာ ပြီးပြတ်သွားပြီဖြစ်ကြောင်း သိရှိ၇သည်။

#တရားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.