သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂျပန်ရောက်မြန်မာတိုင်းရင်းသားများက ရခိုင်တွင်အင်တာနက် 4Gရရှိရေးနှင့် ဖမ်းဆီးခံကျောင်းသားများလွတ်မြောက်ရေး ကုလသမဂ္ဂရုံးရှေ့၌တောင်းဆိုဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၆/ ၂ဝ၂ဝ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂရုံးရှေ့၌ မြန်မာတိုင်းရင်းသား ၈ဝ ကျော်က ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလ အင်တာနက် 4G အဆင့် ရရှိရေးနှင့် ရခိုင်စစ်ပွဲရပ်စဲရေး တောင်းဆို၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားများ ပြန်လည် လွတ်မြောက်ရေးတို့အတွက် ယနေ့ နေ့လယ်ပိုင်းက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပွဲကို ဂျပန်ရောက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) (ANDP)၊ OKO-Japan ကရင်အဖွဲ့အစည်းနှင့် KNO-Japan ကချင်အဖွဲ့အစည်းတို့က ဦးဆောင်ကာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဂျပန်စံတော်ချိန် နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ပိုစတာများ၊ ဆိိုင်းဘုတ်များ၊ ဗီနိုင်းများကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြခဲ့ကြကြောင်း ANDP အထွေထွေအတွင်းရေးမှူး ဦးသက်ထွန်းအောင်က ပြောသည်။
“ကျွန်တော်တို့ အဓိက ဆန္ဒပြရတဲ့ အကြောင်းအရင်းက ရခိုင်ပြည်အတွင်း စစ်ပွဲရပ်စဲရေးအတွက် ဆန္ဒပြတဲ့ ကျောင်းသားတွေ ဖမ်းဆီးခံကျောင်းသားတွေပေါ့ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ကိုဗစ်ကာလ 4G အင်တာနက် အမြန်ရရှိရေး၊ ရခိုင်ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်ရေးကို အမြန်ဆုံးရရှိရေးတို့အတွက် ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်သူများအား အကြမ်းဖက် ဥပဒေများဖြင့် မတရားသော ပုဒ်မအမျိုးမျိုး တပ်ဆင်ကာ ဖမ်းဆီးနေရာ လက်ရှိတွင် လူပေါင်း ၂၆၉ ဦးရှိလာနေပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်မူဖြင့် မတရားသဖြင့် တရားစွဲဆိုနေခြင်းမှာ ရခိုင်ပြည်သူများအား အကြောက်တရား လွှမ်းမိုးရန် လုပ်ဆောင်နေခြင်းတို့ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မူ အကြမ်းဖက်လုပ်ရပ်များအား လုံးဝ ရှုံ့ချကန့်ကွက်ကြောင်း ဦးသက်ထွန်းအောင်က ဆက်လက် ပြောဆိုသည်။

“ကျွန်တော်တို့ ဗီနိုင်းတွေကိုင်ပြီး ကြွေးကြော်ပြီး ဆန္ဒပြကြတာပါ။ ကျောင်းသားတွေကို ရဲကဖမ်းဆီးနေတဲ့ ဗီနိုင်းတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ထားလို့ ကလေးတွေ သေဆုံးနေတာတွေ၊ ရွာတွေကို မီးရှို့ထားတဲ့ ဗီနိုင်းတွေ ကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ကျောင်းသားများ၊ ရဟန်းသံဃာတော်များအပါအဝင် ဒေသခံပြည်သူ ၁ဝဝ ခန့်နှင့်အတူ စစ်တွေမြို့ လမ်းမများပေါ်တွင် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ အစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို အလိုမရှိစသည့် ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြပြီးနောက် ကျောင်းသား ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ  ကိုကောင်းထွန်းတို့ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကျောင်းသား ၄ ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေကြရကြောင်း သိရသည်။

၎င်းပြင် မြန်မာတစ်နိုင်ငံလုံးတွင် ရခိုင်တွင် စစ်ရပ်စဲရေး တောင်းဆိုဆန္ဒပြသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား (၁၅)ဦးရှိပြီး ဝရမ်းများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ ကျောင်းသား (၃ဝ)ခန့်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ