သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်းအား သေနတ်ဖြင့်ပစ်ခတ်သူတရားခံကို စုံစမ်းနေဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၇/ ၂ဝ၂ဝ

တစ်နှစ်ခန့်ကြာပြီဖြစ်သည့် Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်း ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပစ်ခတ်သူ တရားခံအား စုံစမ်းနေဆေဲ ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမောင်ရွှေက ပြောသည်။

“အဲဒီဟာနဲ့ပတ်သက်ပြီးတော့ တရားခံမပေါ်သေးတာ မှန်ပါတယ်။ ထွေထွေထူးထူးတော့ ဘာမှမရှိပါဘူး။ ကျွန်တော်တို့က အမြဲတမ်းစုံစမ်းနေတဲ့ အနေထားတော့ ရှိတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းအစနလည်း မရသေးဘူး။ အခုလည်း ဖြစ်တဲ့နေရာတောင် ဘယ်နေရာမှာဖြစ်တယ်ဆိုတာကို နေရာတိတိကျကျလည်း မသိရဘူး ဖြစ်နေတယ်” ဟု ဒုတိယရဲမှူးကြီး မောင်ရွှေက နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ကိုဆွေဝင်း၏ မိသားစုဝင် အပါအဝင် လုပ်ဖော်ကိုင်ဖက်နှင့် မိသားစုဝင် စုစုပေါင်း ၆ ဦးတို့သည် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ ခရီးထွက်လာခဲ့စဉ် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်းခံခဲ့ရပြီး ကိုဆွေဝင်း ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Now သတင်းဌာန၏ နိုဝင်ဘာ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်ခံရမှုကြောင့် ကား၏နောက်ဘက်တံခါးသော့ပေါက်တည့်တည့်ကို သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ကျည်ဆန်၏ ပြင်းအားကြောင့် ကားတံခါးအတွင်းရှိ စတီးဖြင့် ပြုလုပ်ထားသော သော့အုံ ပြုတ်ထွက် သွားခဲ့ကြောင်း၊ တံခါးအောက်ဖက်မှ အတွင်းဖောက်ဝင်လာသည့် ကျည်ဆန်သည် တံခါးဝတွင် ထိုင်နေသော ကိုဆွေဝင်းအား ထိမှန်ခဲ့ကြောင်း၊ ကျည်ဆန်လာရာဖက်တွင် သုံးပေအမြင့်ခန့်ရှိသော ချုံများနှင့် ပင်လယ်ပြင်သာရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သံတွဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်ရွှေကို နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ လောလောဆယ် အခြေအနေ မထူးခြားသေးကြောင်း ဆက်လက် ပြောကြားသည်။

“အခင်းဖြစ်ပြီးနောက်တစ်ရက်မှာပဲ ကားသမားကိုပါ ခေါ်သွားပြီး ဘာညာသွားကြည့်တာလည်း ဘယ်နေရာ၊ ဘယ်လိုဆိုတာကို သဲသဲကွဲကွဲတော့ မပြောနိုင်ဘူးပေါ့။ သို့သော် အဲဒီဘက်နယ်မှာ၊ ဖြစ်စဉ်ကို ကျွန်တော်တို့ စုံစမ်းကြည့်ရသလောက်တော့ ကျည်ပစ်၊ ကျည်မှန်သေနတ်လည်း မဖြစ်နိုင်ဘူးဗျ။ ခဲစလေးပဲတွေ့တယ်။ တွေ့တဲ့အခါကျတော့ အဲဒီဘက်အခြမ်းမှာရှိနေတဲ့ အဲလိုမျိုး လေအိုးနဲ့ပစ်တတ်တဲ့ လေသေနတ်တွေဘာတွေ ကိုင်တွယ်တတ်တဲ့ဟာတွေ ကျွန်တော်တို့ စုံစမ်းနေတာပေါ့လေ။ လောလောဆယ်အခြေနေတော့ မထူးခြားသေးပါဘူး” ဟု ဒုတိယရဲမှူးကြီးက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နေ့စွဲဖြင့် Myanmar Now သတင်းဌာနမှ သတင်း ထုတ်ပြန်ချက်တွင် ကိုဆွေဝင်းမိသားစုနှင့် လိုက်ပါစီးနင်းလာသည့် ကားသည် တည်းခိုခန်းမှထွက်ခွာပြီး အချိန် ၄ဝ မိနစ်ခန့်အကြာတွင် သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရကြောင်း ရေးသားဖော်ပြထားသည်။

ထိုသို့ ပစ်ခတ်ခံခဲ့ရသည့်အတွက် ကိုဆွေဝင်း၏ ခြေတွင် ဒဏ်ရာရရှိသွား၍ ရန်ကုန်ဆေးရုံကြီးတွင် ၃ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ညွှန်ကြားမှုဖြင့် သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် အခင်းဖြစ်ပွားရာ ဂွမြို့နယ်ရှိ ရဲတပ်ဖွဲ့အနေဖြင့် ၄င်းတို့အပိုင်နယ်မြေတွင် ကိုဆွေဝင်းရောက်ရှိနေသည်ကို ကြိုတင်သိရှိခဲ့ခြင်းမရှိကြောင်း ထွက်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် Myanmar Now ၏ ထုတ်ပြန်ချက်အရ ဂွမြို့နယ် ဇီးခုံကမ်းခြေရှိ “ထက်ရှိုင်း” တည်းခိုခန်းပိုင်ရှင်သည် ဂွမြို့နယ်၊ ကမ်းသာယာရဲစခန်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စစ်ဘက်ရေးရာထောက်လှမ်းရေးတစ်ဦးတို့မှ   ကိုဆွေဝင်းတို့ ဂွမြို့နယ်သို့ စီးနင်းလာသည့် ကားနံပါတ်၊ ကားဆရာအမည်၊ ကိုဆွေဝင်း တည်းခိုခန်းမှ နောက်တစ်နေ့ သံတွဲပြန်မည့်အချိန်တို့ကို မေးမြန်းသဖြင့် ဖုန်းဆက် အကြောင်းကြားခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်ဇော်ဦးအား ဆက်သွယ်ခဲ့ရာ ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ချိန်က ၄င်းအုပ်ချုပ်ရေးမှူးမှာ ဂွမြို့နယ်သို့ တာဝန်ထမ်းဆောင်ရန် မရောက်ရှိသေးကြောင်းပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဂွမြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရန် နိရဥ္စရာမှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ