Preview

ရခိုင်က နာမည်ကြီးဘုရားများတွင် ဘုရားဖူးသူများဖြင့် စည်ကား

နိုဝင်ဘာ ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :8385
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/ ၂၀၂၀

ရခိုင်ပြည်နယ်မှ အထင်ကရ နာမည်ကြီးဘုရားများတွင် ယခုရက်ပိုင်းအတွင်း ဘုရားဖူးလာသူများဖြင့် အထူးစည်ကားနေသည်ဟု သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂူ၀ဘုရား၊ ဦးရာဇ်တော်ဓါတ်စေတီတော်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားနှင့် မြောက်ဦးမြို့ရှိ သမိုင်းဝင် ဘုရားများသို့ သွားရောက် ဘုရားဖူးလည်ပတ်သူများ စည်ကားနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိ၇သည်။

ကျောက်တော်မြို့နယ် မဟာမုနိဂေါပကအဖွဲ့မှ ဦးမောင်သာစံက  “ဘုရားဖူးသူက ဒီနေ့  မဟာမုနိကို ၅၀၀ ပတ်ဝန်းကျင်လောက် ရောက်ပါတယ်။ မြောက်ဦး၊ စစ်တွေ၊ မင်းပြား အဲဒီနယ်ဘက်တွေက လာကြတယ်။ အများအားဖြင့် နယ်ကလူတွေ လာကြတာ။ ဘုရားဖူးသက်သက်လာကြတာပေါ့။ အရင်တုန်းကဆိုရင် သွားလာဖို့ လမ်းက မလုံခြုံဘူး။ အခုဆိုရင် သွား/လာဖို့အတွက် နည်းနည်း အဆင်ပြေနေပြီမို့ ပြန်ပြီးလူတွေ စည်ကားနေပါပြီ။ မနက်ဖြန် လပြည့်နေ့ဆိုရင် ပိုပြီး လာကြမှာပါ။” ဟု နိရဥ္စရာသို့ ပြောသည်။

အထင်ကရ နေရာများသို့ ဘုရားဖူးလည်ပတ်ရန် ရောက်ရှိနေသည့် စစ်တွေမြို့မှ ဝါရင့်စာရေးဆရာ ကျွန်းသားငမန်းက ယခုရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက် တိုက်ပွဲများ ရပ်စဲနေသည့်ကာလဖြစ်သည့်အတွက် လမ်းခရီး၌ လုံခြုံရေးစိတ်ချရသည့် အခြေနေဖြစ်သောကြောင့် ဘုရားဖူးလည်ပတ်သူ စည်ကားနေခြင်းဖြစ်ကြောင်း ပြောသည်။

“လူတွေက အိမ်မှာနေရတာ မွမ်းကျပ်မှုရှိလာတယ်။ ကိုဗစ်ကိုလည်း သိပ်အလေးထားတဲ့ ပုံစံမျိုးတော့ မရှိတော့ဘူး။ ကိုဗစ်ကိုထက် နယ်မြေတည်ငြိမ်မှု၊ အေအေနဲ့ နှစ်ဘက်တိုက်ပွဲကို ကြောက်ကြတယ်ပေါ့။ အခုက တိုက်ပွဲရပ်နေတဲ့အတွက် လမ်းခရီးမှာ လုံခြုံရေးအရ စိတ်ချရတဲ့အနေထားမှာ ရှိနေတော့ လူတွေက သွား လာကြတော့တာပေါ့။ အရင်တုန်းက ဘုရားဖူး မသွားရတာကလည်း လုံခြုံရေးအရပေါ့။ အခုက လုံခြုံရေး ကောင်းမွန်လာတော့ ဘုရားဖူးသူတွေများလာတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

အထင်ကရနေရာများတွင် လက်ရှိ ဘုရားဖူးလည်ပတ်သူများဖြင့်စည်ကားနေပြီး တစ်နေ့ တစ်နေ့ကို လူပေါင်း ၃၀၀ နှင့် ကား အစီးရေ ၃၀ လောက် စစ်တွေမြို့မှ ဘုရားဖူးသွားနေကြကြောင်း သူက ဆက်ပြောသည်။

“မြောက်ဦးက ဒေသခံတွေလည်း မဟာမုနိကို ရောက်တယ်။ မဟာမုနိတို့ဘက်ကိုလာတဲ့သူတွေလည်း မြောက်ဦးဘက်ကိုသွားကြတယ်။ ပုဏ္ဏားကျွန်း ဂူ၀ဘုရားတို့မှာလည်း အပြန်ကျရင် ဘုရားဝင်ဖူးကြတယ်ပေါ့။ အခုက ကထိန်ကပ်တဲ့ ရာသီဆိုတော့ စစ်တွေကလူတွေက ကထိန်ဆိုလည်း အများကြီးလာကပ်ကြတယ်” ဟု ဆက်ပြောသည်။

ယခုအချိန်သည် ရခိုင်ဒေသတွင် ဘုရားဖူးထွက်သော အချိန်ကာလဖြစ်ပြီး တိုင်းပြည်အေးချမ်းချိန် ယခင်နှစ်များက ရခိုင်ပြည်နယ်ရှိ နေရာအနှံ့မှ ဘုရားဖူးလည်ပတ်သူမှာ တစ်နေ့ တစ်နေ့ သောင်းချီရှိသည်ဟု သိ၇သည်။

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.