သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင် မြို့နယ်(၉)ခုတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေး UEC ကိုတင်ပြသွားမည်ဟု မစ္စတာယိုဟေးဆာဆာကာဝါပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9k

အိမ်စိုးဖြူ၊ သျှင်မင်းဇံ
စစ်တွေ၊ နိုဝင်ဘာ ၂၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့သည့်မြို့နယ် (၉) ခုတွင် ရွေးကောက်ပွဲကျင်းပ၍ရသည့် အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)ကို တင်ပြသွားမည်ဟု မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါ ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေဟိုတယ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။

“ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပရသေးတဲ့ မြို့နယ်အားလုံးကို ရွေးကောက်ပွဲ အရမ်းကို ကျင်းပစေလိုပါတယ်။ ကိုဗစ်-၁၉ ကြောင့် အရမ်းခက်ခဲနေတဲ့ အချိန်ကြားထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီချုပ်က ကျွန်တော်တို့လေ့လာနိုင်ဖို့အတွက် ရဟတ်ယာဉ်တွေ စီစဉ်ပေးခဲ့ပါတယ်။ ကျနော် ရွေးကောက်ပွဲကျင်းပလို့ရတဲ့ အကြောင်းကို UEC ကိုတင်ပြသွားပါမယ်” ဟု မစ္စတာယိုဟေးဆာဆာကာဝါ ပြောသည်။

ယနေ့နံနက်က လေကြောင်းခရီးဖြင့် ရောက်ရှိလာသော မစ္စတာယိုဟေးဆာဆာကာဝါ အပါအဝင် ဂျပန်သံအမတ်အဖွဲ့သည် စစ်တွေမြို့ကို ရောက်ရှိပြီးနောက် တိုက်ပွဲဖြစ်ခဲ့သည့် မြို့နယ် ဒေသနှစ်ခုကို စစ်ရဟတ်ယာဉ်များဖြင့် သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

“ အဲဒီဒေသက ပြည်သူလူထုတွေနဲ့ တွေ့ဆုံ စကားပြောခွင့်အများကြီး ရရှိခဲ့တဲ့ အချိန်မှာ လူထုတွေဟာ ဆိုလို့ ရှိရင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ရရှိပြီးတော့ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးလိုစေပါတယ်ဆိုတဲ့ စိတ်ဆန္ဒတွေကို တွေ့ရှိခဲ့ရပါတယ်”ဟု မစ္စတာ ယိုဟေး ဆာဆာကာဝါက ဆက်လက် ပြောဆိုသည်။

မစ္စတာ ယိုဟေးဆာဆာကာဝါနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့ နေ့လယ်တွင် ရခိုင်အမျိုးသားပါတီ(ANP)မှတာဝန်ရှိသူများနှင့်လည်း စစ်တွေဟိုတယ်၌တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ရခိုင်မြို့နယ်(၉)ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိသည့်အကြောင်း၊ ရခိုင်ရှိ စစ်ဘေးရှောင်များအတွက် မစ္စတာဆာဆာကာဝါဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် နီပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ (၂)သိန်းထောက်ပံ့ကူညီပေးထားသည့် အကြောင်းတို့ကို ရှင်းပြပြောဆိုခဲ့သည်ဟု ANP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“ဒီအဖွဲ့က စစ်ဘေးရှောင်များအတွက် ဒေါ်လာ နှစ်သိန်း ကူညီပေးသွားမယ်။ အဓိကကတော့ စားနပ်ရိက္ခာကို အဓိကထားပြီးတော့ ကူညီပေးသွားမယ်။ ဒီအတွက်လည်း တပ်မတော်နဲ့ အားလုံး ကူညီဆောင်ရွက် ပေးဖို့ အတွက် သယ်ယူပို့ဆောင်ရေးကအစပေါ့လေ စီစဉ်ထားပြီးသားဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်မတို့ကို သတင်းစကားပါးပါတယ်”ဟု ဒေါ်အေးနုစိန်က ပြောသည်။

မစ္စတာယိုဟေးဆာဆာကာဝါသည် လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေမှုကို လျော့ကျ သွားအောင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

ယင်းသို့ညှိနှိုင်းပေးခဲ့သည့်အတွက် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများလည်း သိသိသာသာလျော့နည်းနေသည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် စစ်တွေမှတဆင့် ရန်ကုန်သို့ နေ့ချင်းပြန် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အထူးကိုယ်စားလှယ်အား ရခိုင်တွင် လုံခြုံရေးအခြေအနေ ကောင်းမွန်လာပါက ရွေးကောက်ပွဲကို အမြန်ဆုံးပြုလုပ်ပေးနိုင်ကြောင်း UEC ပြောဟုဆိုထားသည်ဟု သိရသည်။


ဆက်စပ် သတင်းများ